ကင်ဂျုံအွန်နှင့်တွေ့ဆုံရေး အပြီးသတ်ပြင်ဆင်နေစဉ် သမ္မတထရမ့်က တွေ့ဆုံပွဲအပေါ်အကောင်းမြင်ပြောဆို

ကင်ဂျုံအွန်နှင့်တွေ့ဆုံရေး အပြီးသတ်ပြင်ဆင်နေစဉ် သမ္မတထရမ့်က တွေ့ဆုံပွဲအပေါ်အကောင်းမြင်ပြောဆို

စင်ကာပူ    ဇွန် ၁၁
    အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ သမိုင်းဝင်တွေ့ဆုံပွဲ နီးကပ်လာ၍ အပြီးသတ်ပြင်ဆင်နေစဉ် သမ္မတဒေါ်နယ်ထရမ့်က တွေ့ဆုံမှုအပေါ် ထပ်မံ၍အကောင်းမြင် ဖော်ညွွှန်းခဲ့သည်။ 

ဇွန် ၁၁ ရက်၌ စင်ကာပူလူမြင်ကွင်းထွက်လာသည့် ထရမ့်က အလွန်စိတ်ဝင်စားဖွယ် တွေ့ဆုံမှုမှ ရလဒ်ကောင်း ထွက်လာမည်ဟု ဟောကိန်းထုတ်လိုက်သည်။ ဇွန် ၁၀ ရက်ညက စင်ကာပူသို့ရောက်ရှိခဲ့သည့် ထရမ့်သည် ဇွန် ၁၁ ရက် နံနက်တွင် ဝန်ကြီးချုပ်လီရှန်လုန်းနှင့်တွေ့ဆုံ၍ အလုပ်သဘော နံနက်ခင်းစာသုံးဆောင်ရင်း အကောင်းမြင်သဘောထားကို ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။ 
မနက်ဖြန်တွင် အလွန် စိတ်ဝင်စားဖွယ်တွေ့ဆုံစည်းဝေးမှုရှိကြောင်း၊ အကြောင်းအချက်များ ကောင်းမွန်စွာဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။ ယမန်နေ့ကလည်း ထရမ့်သည် လေယာဉ်ပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်နေကြောင်း တွစ်တာမှ ထုတ်ပြန်ခဲ့သည်။
    ရစ်ဇ်ကာလ်တန်ဟိုတယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားကိုယ်စားလှယ်များသည် တွေ့ဆုံပွဲအတွက် အပြီးသတ်ညှိနှိုင်းလျက်ရှိသည်။ ဇွန် ၁၂ ရက်နံနက်တွင် ထရမ့်နှင့် ကင်ဂျုံအွန်တို့သည် ပထမဆုံးအကြိမ် တွေ့ဆုံကြမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံစည်းဝေးကြမည်ဖြစ်သည်။
    ထရမ့်သည် ရှန်ဂရီလာဟိုတယ်တွင် တည်းခိုနေပြီး ယင်းနှင့်မိုင်ဝက်ပင်မဝေးသည့် စိန့်ရီဂျစ်ဟိုတယ်တွင် ကင်ဂျုံအွန် တည်းခိုနေသည်။ ထိပ်သီးနှစ်ဦးတွေ့ဆုံမှုကို ဆန်တိုစာကျွန်းရှိ ကာပဲလာဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ ကင်ဂျုံအွန်သည် ဇွန် ၁၀ ရက်က လီရှန်လုန်းနှင့်တွေ့ဆုံစဉ် ၄င်းနှင့် ထရမ့်တို့၏ ထိပ်သီးတွေ့ဆုံပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများကလည်း ခေတ်သစ်တစ်ခုပြောင်းလဲရန် တောင်းဆိုနေသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသစ် ထူထောင်နိ်ုင်ခြေ ရှိကြောင်း ဖော်ပြခဲ့သည်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအပါအဝင် ဘုံစိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ရေရှည်တည်တံ့ပြီး ကျယ်ပြန့်နက်ရှိုင်းသည့် အပြန်အလှန်ဆက်ဆံရေး ထူထောင်ရန် မျှော်လင့်ကြောင်းလည်း မြောက်ကိုရီးယားဘက်က ထုတ်ပြန်ခဲ့သည်။