ဘရာဇီးနိုင်ငံ ရှူးဂါးလုဖ်တောင်ခြေတွင် လူသေအလောင်းအများအပြား တွေ့ရှိ

ဘရာဇီးနိုင်ငံ ရှူးဂါးလုဖ်တောင်ခြေတွင် လူသေအလောင်းအများအပြား တွေ့ရှိ

ရီယိုဒီဂျနီယို     ဇွန် ၁၁ 
    ဘရာဇီးနိုင်ငံ ရီယိုဒီဂျနီယိုမြို့ရှိ ကမ္ဘာလှည့်ခရီးသည် အဝင်အထွက်များသော ရှူးဂါးလုဖ်တောင်ခြေနှင့် တောအုပ်အတွင်း လူသေအလောင်း ခုနစ်လောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လူသေအလောင်းများသည် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ရီယိုမြို့၌ အများပြည်သူကို အထိတ်တလန့်ဖြစ်စေခဲ့သော လူဆိုးဂိုဏ်းများချင်း အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးသည့် လူဆိုးဂိုဏ်းဝင်များဖြစ်နိုင်ကြောင်း ရီယိုမြို့ ရဲတပ်ဖွဲ့က ပြောသည်။ 
ရီယိုမြို့တွင် သီးသန့်အဆန်ဆုံးနှင့် ငြိမ်းချမ်းမှုအရှိဆုံးဟု သတ်မှတ်ခံရသည့် အူရကာရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူသေအလောင်းများ တွေ့ရှိမှုကြောင့် ရှူးဂါးလုဖ်တောင်ပေါ်တက်သည့် ကေဘယ်ကားများကိုလည်း နှစ်နာရီခန့် ရပ်နားထားခဲ့ရသဖြင့် တောင်ထိပ်တွင် ကမ္ဘာလှည့်ခရီးသည် တစ်ရာခန့် နှစ်နာရီခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။ 
    မူးယစ်ဂိုဏ်းများ ကြီးစိုးနေသော ကျူးကျော်ရပ်ကွက် ရှစ်ရာကျော်ရှိနေသည့် ရီယိုပြည်နယ်တွင် နေထိုင်သူများသည် နေ့စဉ် အကြမ်းဖက် ပစ်ခတ်မှုများကြုံနေရသဖြင့် ယခုဖြစ်စဉ်သည်လည်း မထူးဆန်းသော ဖြစ်စဉ်တစ်ခုနှယ် ဖြစ်လျက်ရှိသည်။ သို့သော် စစ်တက္ကသိုလ်နှစ်ခုရှိသလို၊ စစ်တပ်ရင်းတစ်ခုလည်း ရှိနေသော အူရကာရပ်ကွက်တွင်ကား ပထမဆုံးအကြိမ် ဖြစ်ပွားသည့် မှုခင်းဖြစ်သည်။ 
    ရှူးဂါးလုဖ်တောင်အနီး ဘာဘီလိုညာ ကျူးကျော်ရပ်ကွက်အတွင်း မူးယစ်ဂိုဏ်းချင်း နယ်မြေလုကာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူများကို ယခုလို စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့က ကျူးကျော်ရပ်ကွက်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ပြီး လူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကာ လက်နက်အများအပြားကိုလည်း သိမ်းဆည်းခဲ့သည်။ လက်ပစ်ဗုံးစ ထိမှန်မှုကြောင့် ရဲတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ 
    ပြီးခဲ့သည့် နှစ်နှစ်၊ သုံးနှစ်တာအတွင်း ဘရာဇီးနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။ ထိုကာလများအတွင်း ဘရာဇီးသည် နိုင်ငံ့သမိုင်းတစ်လျှောက် နိုင်ငံရေး၊ စီးပွားရေး အလှုပ်အခတ်အများဆုံးကာလကို ရင်ဆိုင်ခဲ့ရသည်။ 
    ယခုနှစ်ဆန်းပိုင်းတွင် သမ္မတ မီရှဲတမ်မာသည် ရီယိုပြည်နယ်တွင်း အကြမ်းဖက်မှုများ ထိန်းချုပ်နိုင်ရန် စစ်တပ်ကို ချထားခဲ့သော်လည်း ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ကြောင်း တွေ့ရသည်။