ဟတ်ယိုင် ဇွန် ၁၁
လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် ထိုင်းတောင်ပိုင်း၌ ဇွန် ၁၁ ရက်က အိမ်တစ်အိမ်တွင်း သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့သည်။
အရေအတွက်မသိရသေးသည့် သေနတ်သမားများသည် အစည်းအဝေးပြုလုပ်နေသည့် အိမ်တစ်အိမ်တွင်း နံနက် ၁ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယာလာပြည်နယ်၊ ဘန်နန်စတာခရိုင်မှ ရဲစုံစမ်းရေးမှူးကပြောသည်။ သေဆုံးသူများ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာအချက်ပေါင်းများစွာတွေ့ရှိခဲ့ရသည်။
သတ်ဖြတ်မှုသည် ပုဂ္ဂိုလ်ရေးအငြိုးအတေးကြောင့်လော၊ သောင်းကျန်းမှုနှင့် ဆက်နွယ်သလော စုံစမ်းနေဆဲဖြစ်သည်။ ဗုဒ္ဓဘာသာအများစုနေထိုင်သည့် ထိုင်းမှ တောင်ပိုင်းပြည်နယ်သုံးခုဖြစ်သည့် ပတ္တာနီ၊ ယာလာနှင့် နာရာသီဝတ်တို့တွင် မွတ်စလင်ခွဲထွက်ရေးသောင်းကျန်းမှုများပေါ်ပေါက်ခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှစ၍ လူ ၆၅၀ဝ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။
ဇွန် ၇ ရက်ကလည်း ထိိုင်းတောင်ပိုင်း ကျေးရွာတစ်ရွာတွင် ရာဘာစိုက်ခင်းထဲတွင် ပစ်ခတ်ခံရ၍ ရွာသား ၄ ဦး သေဆုံးခဲ့သည်။ ထိုင်းအစိုးရသည် တောင်ပိုင်းသူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိပြီး အရပ်သားများအတွက် ဘေးကင်းဇုန်များ ထူထောင်ရန် မူအားဖြင့် သဘောတူညီချက် ရရှိထားသည်။
လွန်ခဲ့သည့်အပတ်က ပတ္တာနီအစ္စလာမ္မစ်ကော်မတီဥက္ကဌ အဒူဒက်ဂျ် ချန်နေးသည် ဆိုင်ကယ်စီး သေနတ်သမားများ၏ ပစ်သတ်ခြင်းခံခဲ့ရသည်။ ၄င်းသည် သူပုန်များနှင့် အစိုးရအကြား အဓိကကျသည့် ဖျန်ဖြေသူတစ်ဦးဖြစ်သည်။
















