ရောမ ဇွန် ၁၁
မြေထဲပင်လယ်အတွင်း စက်ချွတ်ယွင်းကာ မျောပါနေသော ခိုလှုံသူစက်လှေမှ ကယ်ဆယ်လာသော ခိုလှုံသူ ၆၂၉ ဦးကို တင်ဆောင်လာသည့် ကယ်ဆယ်ရေးသင်္ဘောသည် အီတလီပြည်ထဲရေးဝန်ကြီးသစ်ထံမှ ခွင့်ပြုချက်ရသဖြင့် ဆိပ်ကမ်းသို့ ဝင်ကပ်မရဘဲ ပင်လယ်ထဲ၌ စောင့်ဆိုင်းနေရကြောင်း သိရသည်။
ခိုလှုံသူများအား ကယ်ဆယ်လာသည့် အကွားရီးရက်စ်သင်္ဘောကို မြေထဲပင်လယ်တွင်းရှိ မော်လ်တာနိုင်ငံက တာဝန်ယူ လက်ခံသင့်သည်ဟု အီတလီ ပြည်ထဲရေးဝန်ကြီးသစ် မတ်တီယို ဆယ်ဗီနီက ပြောကြားခဲ့ပြီး မော်လ်တာနိုင်ငံက ပယ်ချခဲ့သည်။ ဂျာမနီအခြေစိုက် အက်စ်အိုအက်စ် ပရဟိတအဖွဲ့ သင်္ဘောက ခိုလှုံသူများကို လစ်ဗျားရေပြင်တွင် ကယ်ဆယ်ခဲ့ရခြင်းဖြစ်သောကြောင့် အီတလီနှင့်သာ သက်ဆိုင်သည့်ကိစ္စဖြစ်သည်ဟု မော်လ်တာအစိုးရက တန်ပြန်ဖြေရှင်းထားသည်။ မြောက်အာဖရိကဘက်မှ မြေထဲပင်လယ်ဖြတ်ကာ ဥရောပသို့ ခိုလှုံသူများအတွက် အီတလီသည် အဓိကဝင်ပေါက်နိုင်ငံ ဖြစ်နေသည်။
အီတလီ ညွန့်ပေါင်းအစိုးရထဲတွင် ပါဝင်ပြီး ခိုလှုံသူများအရေး ခပ်တင်းတင်း ကိုင်တွယ်သွားမည်ဟု ကြွေးကြော်ထားသော သမဂ္ဂပါတီမှ ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ မတ်တီယို ဆယ်ဗီနီက ကယ်ဆယ်ရေးသင်္ဘောကို ကမ်းကပ်ခွင့် ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေးသင်္ဘောသည် မော်လ်တာနှင့် ၂၇ မိုင်၊ အီတလီနှင့် ၃၅ မိုင်အကွာ ရေပြင်တွင် အီတလီ ကမ်းခြေစောင့်သင်္ဘောက တားမြစ်ထားမှုကြောင့် ရပ်တန့်ထားရသည်။
ကယ်ဆယ်လာသူများကို ဘေးကင်းရာ ဆိပ်ကမ်းတွင် ချထားပေးလိုကြောင်း၊ အီတလီအစိုးရက ခွင့်မပြုသေးသဖြင့် စောင့်ဆိုင်းနေရကြောင်းဖြင့် အက်စ်အိုအက်စ်အဖွဲ့မှ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ မာသီဒီအော်ဗီလိန်က ပြောသည်။
ခိုလှုံသူကယ်ဆယ်ရေး ပရဟိတအဖွဲ့များကိုလည်း ကြပ်ကြပ်မတ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အချို့သောအဖွဲ့များသည် ပရဟိတ နာမည်ခံထားသော်လည်း လူကုန်ကူးသူများနှင့် လက်ဝါးချင်းရိုက်ကာ ခိုလှုံသူများကို အီတလီသို့ တစ်ဖက်လှည့်ဖြင့် ခေါ်သွင်းနေကြောင်း ပြည်ထဲရေးဝန်ကြီးသစ် မစ္စတာဆယ်ဗီနီက ယခင်က စွပ်စွဲပြောကြားဖူးသည်။
















