လန်ဒန် ဇွန် ၁၁
ဆာဆက်နယ်စား မင်းသားဟယ်ရီနှင့် နယ်စားကတော် မီဂန်တို့သည် သြစတြေးလျ၊ ဖီဂျီ၊ တွန်ဂါနှင့် နယူးဇီလန်တို့သို့ လာမည့်ဆောင်းဦးပေါက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
မေလက လက်ထပ်ခဲ့ကြသော တော်ဝင်ဇနီးမောင်နှံ၏ ဦးဆုံးသော နိုင်ငံတော်ခရီးစဉ်အဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။ မင်းသားဟယ်ရီ၏ မိဘနှစ်ပါးဖြစ်သော ချားလ်မင်းသားနှင့် ဒိုင်ယာနာတို့သည်လည်း လက်ထပ်ပြီး ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် သြစတြေးလျနှင့် နယူးဇီလန်သို့ သွားရောက်ခဲ့ကြဖူးသည်။ ၎င်းတို့ သွားရောက်မည့်အချိန်သည် ဆစ်ဒနီ၌ အောက်တိုဘာတွင် လေးကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပမည့် ကာလနှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ မင်းသားဟယ်ရီတို့ စုံတွဲသည် ၂ဝ၁၇ ခုနှစ်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်ကျင်းပသော မသန်စွမ်း အားကစားပြိုင်ပွဲတွင် အတူအားပေးခဲ့ကြဖူးပြီး ထိုအကြိမ်သည် ၎င်းတို့နှစ်ဦးတွဲနေကြောင်းကို အများပြည်သူရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် အသိပေးခဲ့သည့် ကာလလည်း ဖြစ်သည်။
ပထမဆုံး နိုင်ငံတော်ခရီးစဉ်သည် နယ်စားကတော်မီဂန်အနေဖြင့် တော်ဝင်မောင်နှံ ထမ်းဆောင်ရမည့်တာဝန်များ၏ထက်ဝက်ကို မည်သို့ထမ်းဆောင်ဖြည့်ဆည်းမည်ကို မြင်ကြရမည့်ခရီးစဉ်လည်းဖြစ်သည်။ သြစတြေးလျနှင့်နယူးဇီလန်ခရီးစဉ်သည် ထိုနိုင်ငံများ၏အစိုးရက ဖိတ်ကြားမှုကြောင့်ဖြစ်ပြီး ဖီဂျီနှင့် တွန်ဂါခရီးစဉ်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အကြံပြုချက်ကြောင့်ဖြစ်ကြောင်း သိရသည်။

















