ပြုံယမ်း ဇွန် ၁၁
မြောက်ကိုရီးယားနိုင်ငံတွင် ၎င်းတို့၏ခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ သမိုင်းဝင်တွေ့ဆုံမည့်သတင်းကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပထမဆုံးအကြိမ် အကြီးအကျယ်ဖော်ပြလျက်ရှိပြီး တစ်ကမ္ဘာလုံးက အကြီးအကျယ်သတိပြုမှုနှင့် မျှော်လင့်မှုရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။
ကင်ဂျုံအွန်နှင့် သမ္မတထရမ့်တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနှင့် အခြားနှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်ကြ သည့်အရေးများအတွက် မော်ကွန်းတွင်ရစ်ပြီး တာရှည်ခိုင်မြဲမည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်း တစ်ရပ်ရရှိရေး ဆွေးနွေးကြ မည်ဖြစ်ကြောင်း ကေစီအင်န်အေက ဇွန် ၁၁ ရက်၌ ထုတ်ပြန်လိုက်သည်။
လွှမ်းမိုး
အာဏာရ အလုပ်သမားပါတီသတင်းစာ မျက်နှာဖုံးနှင့် ရုပ်မြင်သံကြားတို့တွင် ကင်ဂျုံအွန် စင်ကာပူရောက်ရှိသွားသည့် ပုံရိပ်များက လွှမ်းမိုးလျက်ရှိပြီး ပြုံယမ်းဗဟိုဘူတာရုံတွင် ဧရာမရုပ်သံစက်ဖြင့် ထိုသတင်းများ ပြသပေးနေသည်။
ထိပ်သီးဆွေးနွေးပွဲတွင် ကျယ်ပြန့် လေးနက်သည့်ဆွေးနွေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးက အကြီးအကျယ် သတိပြုမှုနှင့် မျှော်လင့်မှုရှိနေကြောင်း ကေစီ အင်န်အေက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကင်ဂျုံအွန်သည် လက်ရှိအမေရိကန် သမ္မတနှင့် တန်းတူဆွေးနွေးပွဲ ဖြစ်မြောက်စေခြင်းဖြင့် ၎င်း၏ဖခင်နှင့် အဘိုးပင် မဆောင်ရွက်နိုင်ခဲ့သည့် အသိအမှတ်ပြုမှုကိုရရှိကာ ဝါဒဖြန့်စစ်ပွဲတွင် အသာစီးရနေကြောင်း သုံးသပ်မှုများလည်းရှိသည်။ သို့သော် ထရမ့်နှင့်မတွေ့ ဆုံမီ တရုတ်သို့နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး စင်ကာပူသို့ တရုတ်အထူးလေယာဉ်ဖြင့်ပင် လာရောက်ခဲ့ခြင်းက အမေရိကန်နှင့်ထိပ်သီးတွေ့ဆုံပွဲနောက်ကွယ်၌ မည်သူရှိနေကြောင်းလည်း လျှို့ဝှက်မထားဟု အမေရိကန်သတင်းများက ဖော်ပြခဲ့သည်။
ထရမ့်နှင့်ကင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမည့် စင်ကာပူတွင်လည်း နိုင်ငံတကာ သတင်းသမား ၃ဝဝဝ ခန့် ရောက်ရှိနေပြီး အတိတ်က အမေရိကန်နှင့်ဆိုဗီယက် ထိပ်သီးစည်းဝေးပွဲများအပေါ် စိတ်ဝင်စားမှုထက် မလျော့သောအာရုံစိုက်မှုဖြင့် သတင်းရယူ နေကြကြောင်း သိရသည်။

















