မဟာအောင်မြေမြို့နယ်တွင် ‘Shang Han Spa’ အမည်ခံကာ တရားမဝင် အနှိပ်ခန်း ဖွင့်လှစ် လုပ်ကိုင်သူ ၂၂ ဦးကို တရားစွဲတင်ပို့

မဟာအောင်မြေမြို့နယ်တွင် ‘Shang Han Spa’ အမည်ခံကာ တရားမဝင် အနှိပ်ခန်း ဖွင့်လှစ် လုပ်ကိုင်သူ ၂၂ ဦးကို တရားစွဲတင်ပို့

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသူ ၂၂ ဦးကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူဌာနကဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် တရားရုံးသို့ ဦးတိုက် လျှောက်ထားတရားစွဲဆိုတင်ပို့ခဲ့ကြောင်း အမှတ် (၉) နယ်မြေရဲစခန်းမှ ဇွန် ၁၂ ရက်က သိရသည်။ 

ဇွန် ၁၀ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၅၇လမ်း ၄၀×၄၁လမ်းကြား အိမ်အမှတ် ၄၁တွင် ဖွင့်လှစ်ထားသည့် ‘Shang Han Spa’ အမည်ခံကာ တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်ထားကြောင်း သတင်းအရ တိုင်းမှုခင်းအကူရဲတပ်ဖွဲ့နှင့် အမှတ် ၉ နယ်မြေရဲစခန်းတို့ ပူးပေါင်းစစ်ဆေးခဲ့သည်။ 
အဆိုပါ ဆိုင်အတွင်း ဆိုင်မန်နေဂျာ ဒေါ်နီနီအေး(၃၅)နှစ် အပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း(၂၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ 
ဆိုင်အတွင်းမှ အနှိပ်ခန်းတွင် အသုံးပြုသော Xin Hai စာတမ်းပါ ကော်ဖီရောင် ဆိုဖာခုံ(၆)လုံး၊ တရုတ်စာတမ်းပါ ခရမ်းရောင်ဆိုဖာခုံ(၂)လုံး၊ ဆက်ရှင်ခများရေးမှတ် ထား သည့်စာအုပ်(၁)အုပ်၊ အကြောပြင် လုပ်ငန်းပြုလုပ်ရာမှ ရရှိသည့်ငွေဟုယူဆရသည့် ကျပ် ၁၂၀ဝ၀ဝ ၊ ကောင်တာအတွင်းမှ “Shang Han Spa” (အကြောပြင်နည်းများ) စာတမ်းပါ ထောက်ကဒ်(၁)ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တရားလိုပြုလုပ်ကာ မဟာအောင်မြေ မြို့နယ်တရားရုံးသို့ ဇွန် ၁၁ ရက်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ -၁၈၈ အရ ဦးတိုက်လျှောက်ထား တရားစွဲဆိုတင်ပို့ခဲ့ကြောင်း သိရသည်။