လုယက်မှုကျူးလွန်သူ ၃ ဦးကို စစ်ဆေးရာမှ သမီးရည်းစား စုံတွဲများထံမှ လုယက်မှုအပါအဝင် အမှု ၁၇ မှုပေါ်ပေါက်

လုယက်မှုကျူးလွန်သူ ၃ ဦးကို စစ်ဆေးရာမှ သမီးရည်းစား စုံတွဲများထံမှ လုယက်မှုအပါအဝင် အမှု ၁၇ မှုပေါ်ပေါက်

လှိုင်သာယာမြို့နယ်အတွင်း လူယက်မှုကျူးလွန်ခဲ့မှုဖြင့် ဖမ်းဆီးအရေးယူခြင်းခံထားရသူ ၃ ဦးကို ဆက်လက်စစ်ဆေးခဲ့ရာမှ သမီးရည်းစား စုံတွဲများထံမှ လုယက်မှုအပါအဝင် အမှု ၁၇ မှုပေါ်ပေါက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇွန် ၁၂ ရက်က သတင်းထုတ်ပြန်သည်။ 

လှိုင်သာယာမြို့နယ်များအတွင်း လုယက်မှုဖြင့် ဖမ်းဆီးအရေးယူခြင်းခံထားရသည့် လှိုင်သာယာမြို့ နယ်နေ ကျော်ထွန်းအောင်(ခ)ကြွက်နီ၊ နေဝင်းထွန်း(ခ)ကတုံးနှင့် ဇော်ကိုကိုတို့သုံးဦးကို မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးခဲ့ရသည်။ 
၄င်းတို့ ၃ ဦးကို စစ်ဆေးချက်များအရ ဆိုင်ကယ်ကိုအသုံးပြုကာ ယခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများတွင် လှိုင်သာယာမြို့နယ်များအတွင်း သမီးရည်းစားစုံတွဲများနှင့် လမ်းလျှောက်လာသူများ ထံမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၇ လုံးကို လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ကျော်ထွန်းအောင်(ခ)ကြွက်နီပါ (၃)ဦးတို့လုယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချထားသည့် နေရာများမှ ပြန်လည်သိမ်းဆည်းခဲ့ပြီး အသီးသီး အမှုဖွင့် အရေးယူခဲ့သည်။ ဖုန်းလုယူခံရသည့် ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် ရဲတပ်ဖွဲ့ကထုတ်ပြန် ထားသည်။