ရွှေနံ့သာကျေးရွာမှ ထိုးသွင်း၊ပေါက်ပြဲဒဏ်ရာများဖြင့် လူသေဆုံးမှုကို သက်ဆိုင်ရာက ဆက်လက်စုံစမ်း

ရွှေနံ့သာကျေးရွာမှ ထိုးသွင်း၊ပေါက်ပြဲဒဏ်ရာများဖြင့် လူသေဆုံးမှုကို သက်ဆိုင်ရာက ဆက်လက်စုံစမ်း

ထောက်ကြန့်မြို့ ရွှေနံ့သာကျေးရွာတွင် ထိုးသွင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဆိုသူ ကို မည်သူမည်ဝါဖြစ်ကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိပြီဟု ဇွန် ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ဇွန် ၁၁ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်မြို့၊ ရွှေနံ့သာ ကျေးရွာ အုပ်စု၊ ရွှေနံ့သာကျေးရွာ၊ နှင်းဆီလမ်းပေါ်တွင် ဝဲဘက်ခြေသန်းနှင့် ခြေသူကြွယ်ပူးလျက်ရှိသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရင်ညွန့်ယာဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ဦးခေါင်း ငယ်ထိပ်ယာဘက်ဘေး(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ အပေါ်နှုတ်ခမ်းအထက် ယာဘက် တွင် (၁)လက် မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။ 
သေဆုံးသူအမျိုးသားမှာ ရှပ်အင်္ကျီလက်တိုအဖြူရောင်၊ ဖိုးခွား တံဆိပ်ပါ (အဖြူ+မီးခိုး+ အနီ)ရောင် ကွက်စိပ် ပုဆိုးဝတ်ဆင်ထားကာ ဝဲဘက်လက်တွင် Time တံဆိပ်ပါ ငွေရောင်လက်ပတ်နာရီပတ်ထားကြောင်း သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်း သိရှိပါက ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားရန် သက်ဆိုင်ရာက လူမှုကွန်ရက်မှတစ်ဆင့်အကူအညီတောင်းခံခဲ့ပြီး ထောက်ကြန့်နယ် မြေရဲစခန်း(ပ) ၆၂၂/၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်ခဲ့သည်။ လူမှုကွန်ရက်မှတစ်ဆင့် အကူညီတောင်းခံခဲ့ရာ သေဆုံးသူ မှာ မင်္ဂလာဒုံမြို့နယ် ပလရ ရပ်ကွက် Mec ဝန်ထမ်းလိုင်းခန်းနေ ကိုကျော်သီဟ(ခ) ဖိုးသာထူး၊ (၂၆)နှစ်ဖြစ်ကြောင်း ဇနီးဖြစ်သူ မမေမီကျော် (ခ)မမိုးသက်ဝေက အတည်ပြုပြောကြားခဲ့သည်။ သက်ဆိုင်ရာက ကိုကျော်သီဟ (ခ)ဖိုးသာထူး သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး အတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။