ဆန်ဟိုဆေး ဇွန် ၁၂
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ လောင်စာဆီနှင့် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံရှစ်ရုံကိုပိတ်သိမ်းလိုက်ခြင်းနှင့် စက်ရုံများနားတွင် နေထိုင်သည့် အမျိုးသမီးများ လမစေ့ဘဲကလေးမွေးမှုနှုန်းကျဆင်းခြင်းတို့ကြား ဆက်စပ်နေကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။
လောင်စာဆီစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံနှင့် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှစ်ရုံတို့ ပိတ်ပစ်မှုနှင့်ဆက်စပ်၍ လေ့လာမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀ဝ၁ မှ ၂၀၁၁ ခုနှစ်ကြား စုဆောင်းခဲ့သည့် သတင်းအချက်အလက်များကိုမူတည်ပြီး လေ့လာခဲ့ရာ သုတေသနပညာရှင်များသည် စက်ရုံများပိတ်သိမ်းပြီးနောက် လမစေ့ဘဲ ကလေးမွေးဖွားသည့် အမျိုးသမီးဦးရေသည် ၇ ရာခိုင်နှုန်းမှ ၅ ဒသမ ၁ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း တွေ့ရှိခဲ့သည်။
လောင်စာဆီနှင့် ကျောက်မီးသွေးတို့ကို မီးရှို့အပူပေးရာမှ ပတ်ဝန်းကျင်ညစ်ညမ်းစေသော အမှုန် များထွက်လာပြီး ယင်းအမှုန်များအနက် တချို့သည် အဆုတ်နှင့်သွေးကြောများထဲသို့ ဝင်ရောက်နိုင်လောက်အောင် သေးငယ်သည်။ ထို့ပြင် ယင်းလောင်စာများကို မီးရှို့အပူပေးမှုကြောင့် ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့များထွက်ရှိရုံသာမက ပြဒါး၊ခဲအပါအဝင် အန္တရာယ်ရှိစေသော ပစ္စည်းများကို လေထဲသို့ ရောက်ရှိခဲ့သည်။
လေထုညစ်ညမ်းမှုနှင့် လမစေ့ဘဲကလေးမွေးမှုတို့ကြား ဆက်စပ်နေကြောင်း ယခင်လေ့လာမှုများတွင်လည်းဖော်ပြထားသည်။ သို့သော် ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်၊ လူမှုစီးပွားရေးအဆင့်အတန်းနှင့် လူမျိုးရေးရာအကြောင်းချင်းရာများက ကျန်းမာရေးအခြေအနေများအပေါ် မည်မျှသက်ရောက်မှုရှိသည်ကို ခွဲထုတ်လေ့လာရန်ခက်ခဲခဲ့ကြောင်း အမေရိကန်ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းဗေဒဂျာနယ်၌ ဖော်ပြထားသည့် လေ့လာမှုတွင် ရေးသားထားသည်။
စက်ရုံများမှထွက်သည့် ညစ်ညမ်းမှုန်များက ကိုယ်ဝန်ဆောင်အမျိုးသမီးများအပေါ် မည်မျှသက်ရောက်မှုရှိမရှိကို သိရှိရန်အတွက် သုတေသနပညာရှင်များသည် စက်ရုံများ မပိတ်မီနှစ်နှစ်နှင့် စက်ရုံများပိတ်ပြီး တစ်နှစ်အကြာအထိ ရရှိသော လေထုအခြေအနေဆိုင်ရာသတင်းအချက်အလက်များကို လေ့လာသုံးသပ်ခဲ့သည်။
ထို့ပြင် စက်ရုံများမှ ၁၂ ဒသမ ၄ မိုင်ဝန်းကျင်တွင်နေထိုင်သည့် အမျိုးသမီးများ၏ကလေးမွေးဖွားမှု ၅၇၀ဝ၀ မှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း သုံးသပ်ခဲ့သည်။
ပုံမှန်ကိုယ်ဝန်ဆောင်မှုကာလသည် ရက်သတ္တပတ် ၃၉ ပတ်မှ ရက်သတ္တပတ် ၄၀ အထိကြာမြင့်သောကြောင့် ၃၇ ပတ်မတိုင်မီကလေးမွေးခြင်းကို လမစေ့ဘဲ မွေးခြင်းဟု သတ်မှတ်ထားသည်။ ယခုလေ့လာမှုတွင် ကိုယ်ဝန်ဆောင်များအနက် ၆ ရာခိုင်နှုန်းသည် လမစေ့ဘဲမွေးဖွားခဲ့သည်။
စက်ရုံများပိတ်ပစ်လိုက်ပြီးနောက် စက်ရုံတစ်ရုံမှ ၃ မိုင်ဝန်းကျင်အတွင်း နေထိ်ုင်သည့် အမျိုးသမီးများ၏ လမစေ့ဘဲမွေးဖွားမှုနှုန်းအလွန်အမင်းကျဆင်းခဲ့သည်။ အာရှသူများနှင့် လူမည်းများကြားတွင် ကျဆင်းမှုနှုန်းမြင့်မားခဲ့သည်။
ယခုလေ့လာမှုက ကျောက်မီးသွေးစက်ရုံများ၏ဆိုးကျိုးကိုဖော်ပြနေကြောင်း ဘာကီလီရှိ ကယ်လီဖိုးနီးယားတက္ကသိုလ် အများပြည်သူကျန်းမာရေးဌာနမှ လေ့လာမှုကိုဦးဆောင်ခဲ့သည့် ဂျုံးကာဆေကပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၌ လည်ပတ်နေဆဲ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၃၈၀ ရှိနေခဲ့သည်။

















