မက်ဒရစ် ဇွန် ၁၂
အီတလီနှင့် မော်လ်တာ နိုင်ငံတို့က ကမ်းကပ်ခွင့်မပေးသော ခိုလှုံသူ ကယ်ဆယ်ရေး သင်္ဘောကို စပိန်က ကမ်းကပ်ခွင့်ပေးကာ ခိုလှုံသူများကို ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဂျာမနီအခြေစိုက် အက်စ်အိုအက်စ် မြေထဲပင်လယ် ပရဟိတအဖွဲ့၏ အကွားရီးရက်စ် သင်္ဘောသည် စက်လှေပျက်ကာ ပင်လယ်တွင်း ရာဘာလှေငယ်များဖြင့် မျောပါနေသော ခိုလှုံသူ ၆၂၉ ဦးကို လစ်ဗျားကမ်းလွန် နေရာခြောက်နေရာမှ ကယ်ဆယ်တင်ဆောင်လာခြင်း ဖြစ်သည်။ အကွားရီးရက်စ်ကို ဗလင်စီယာတွင် ကမ်းကပ်ခွင့်ပေးမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်က ပြောသည်။
အီတလီနှင့် မော်လ်တာနိုင်ငံကြား ခိုလှုံသူ ကယ်ဆယ်ရေးသင်္ဘော လက်ခံရန် လွန်ဆွဲနေမှုကို အမြန်ဆုံး ဖြေရှင်းရန် ကုလသမဂ္ဂ ခိုလှုံသူများအဖွဲ့အစည်းနှင့် ဥရောပသမဂ္ဂတို့ကလည်း တိုက်တွန်းခဲ့ကြသည်။
“လူ့အခွင့်အရေး ကတိကဝတ်တွေနဲ့အညီ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ တာဝန်ရှိတဲ့အတွက် ကူညီခဲ့တာ ဖြစ်ပါတယ်” ဟု စပိန်ဝန်ကြီးချုပ် ဆန်ချက်က ပြောသည်။
မော်လ်တာ ဝန်ကြီးချုပ် ဂျိုးဆက်ဖ် မူစကတ်က စပိန်ကို ချီးကျူးလိုက်ပြီး အီတလီကိုမူ ပြစ်တင်လိုက်ကာ အီတလီသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုကြောင့် ယခုလို အကျပ်အတည်းကြုံရခြင်းဖြစ်သည်ဟု မစ္စတာ မူစကတ်က ပြောသည်။
စပိန်က ခိုလှုံသူ ကယ်ဆယ်ရေးသင်္ဘောကို လက်ခံလိုက်ခြင်းသည် ခိုလှုံသူများ ဝင်ရောက်မှုကို တင်းကျပ်လိုသည့် သဘောထားတင်းမာသော အီတလီအစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီး မတ်တီယို ဆယ်ဗီနီအဖို့ အောင်ပွဲတစ်ရပ်ဖြစ်ခဲ့သည်။
ကယ်ဆယ်လာသော ခိုလှုံသူများထဲတွင် အဖော်မပါသော လူငယ် ၁၂၃ ဦးထိ ပါဝင်သလို၊ ကလေးငယ် ၁၁ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၇ ဦး ပါဝင်သည်။

















