ကင်ဂျုံအွန် ကတိတည်မည်ဟု ယုံကြည်ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံရန်လည်းလိုအပ်ကြောင်း သမ္မတထရမ့်ထုတ်ဖော်ပြောဆို

ကင်ဂျုံအွန် ကတိတည်မည်ဟု ယုံကြည်ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံရန်လည်းလိုအပ်ကြောင်း သမ္မတထရမ့်ထုတ်ဖော်ပြောဆို

စင်ကာပူ    ဇွန် ၁၂
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးဆောင်ရွက်မည်ဟူသည့် ကတိကဝတ် တည်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ဆွေးနွေးမှုသည် မျှော်လင့်ခဲ့သည်ထက် ပိုမိုကောင်းမွန်ခဲ့ပြီး အနည်းဆုံး ၄င်းနှင့် ဒုတိယအကြိမ် တွေ့ဆုံရန် လိုအပ်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။

 ဇွန် ၁၂ ရက် ထရမ့်နှင့်ကင် ထိပ်သီးတွေ့ဆုံမှုအပြီး ရှည်ကြာသည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတထရမ့်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နျူကလီးယားကင်းစင်အောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့ခြင်းအပေါ် ကင်ဂျုံအွန် ကောင်းစွာဆောင်ရွက်ရန် အမှန်ပင် ယုံကြည်ကြောင်း ထရမ့်က ပြောသည်။
    မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်အစုအဝေးကို ပိုင်ဆိုင်ထားပြီး ထိပ်သီးတွေ့ဆုံမှုသည် လွန်ခဲ့သည့်ငါးနှစ်ကပင် ဖြစ်ခဲ့သင့်ကြောင်းလည်း ပြောဆိုခဲ့သည်။ ကင်နှင့်ဆွေးနွေးရာတွင် ယင်းနျူလက်နက်များ စွန့်လွှတ်ရေး အားထုတ်သင့်သည်ဟု တိုက်တွန်းခဲ့ကြောင်း၊ မြောက်ကိုရီးယားတွင် အမေရိကန်ထောက်လှမ်းရေး အများအပြား မရှိသော်လည်း နျူလက်နက်အတော်များများ ရှိသည်ကို သိရှိထားကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။
    တွေ့ဆုံမှုအတွက် အမေရိကန်ကို မည်သည့်အရာက တွန်းအားပေးခဲ့သည်ကို ကင်ဂျုံအွန်နားလည်သိရှိကြောင်း၊ ထို့ကြောင့် ၄င်းလုပ်သင့်သည်ကို လုပ်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ကင်ဂျုံအွန်အနေဖြင့် သမ္မတထရမ့်နှင့် မည်သည့်နျူကလီးယားသဘောတူညီမှု ရရှိသည်ဖြစ်စေ ယင်းသဘောတူညီချက်သည် ပျက်ပြားလိမ့်မည်သာဖြစ်ကြောင်း အီရန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်သည်။ 
ပြည်ပရောက်ချိန်တွင် လက်မှတ်ထိုးထားခြင်းကို ပယ်ဖျက်တတ်သည့် ပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်နေရကြောင်း သမ္မတထရမ့်ကို ရည်ညွန်း၍ အီရန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက် ဘက်ဂါနိုဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
    သမ္မတထရမ့်သည် ကင်ဂျုံအွန်နှင့်တွေ့ဆုံရန် စင်ကာပူသို့ မလာမီ ကနေဒါ၌ ကျင်းပသည့် စက်မှု ၇ နိုင်ငံ ထိပ်သီးစည်းဝေးပွဲတွင် ပါဝင်ခဲ့သော်လည်း ပူးတွဲကြေညာချက် လက်မှတ်ထိုးရန် ငြင်းပယ်ခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်၌ အီရန်နှင့် အမေရိကန်အပါအဝင် နိုင်ငံကြီးခြောက်နိုင်ငံ လက်မှတ်ရေးထိုးသဘောတူခဲ့ခြင်းမှ သမ္မတထရမ့်လက်ထက်တွင် အမေရိကန်နှုတ်ထွက်ခဲ့သည်။