ကိုရီးယားကျွန်းဆွယ် ရာနှုန်းပြည့် နျူကင်းစင်ရေးဦးတည်ဆောင်ရွက်ရန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဥက္ကဌကင်ဂျုံအွန် သမိုင်းဝင်လက်မှတ်ရေးထိုး

ကိုရီးယားကျွန်းဆွယ် ရာနှုန်းပြည့် နျူကင်းစင်ရေးဦးတည်ဆောင်ရွက်ရန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဥက္ကဌကင်ဂျုံအွန် သမိုင်းဝင်လက်မှတ်ရေးထိုး

စင်ကာပူ    ဇွန် ၁၂
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားအလုပ်သမားပါတီဥက္ကဌ ကင်ဂျုံအွန်တို့ ပထမဆုံးအကြိမ် သမိုင်းဝင် တွေ့ဆုံစည်းဝေးခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအပြည့်အဝကင်းစင်ရေးဆီ ရှေးရှုသည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန် သဘောတူညီချက်တစ်ရပ်ကို ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြသည်။

ဇွန် ၁၂ ရက်တွင် ကျင်းပခဲ့သည့် သမိုင်းဝင်တွေ့ဆုံပွဲ သဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့သည် ကိုရီးယားကျွန်းဆွယ်တွင် ကြာရှည်တည်တံ့ပြီး တည်ငြိမ်ငြိမ်းချမ်းသည့် အစိုးရတစ်ရပ် တည်ဆောက်ရေး ပူးတွဲအားထုတ်ကြမည်ဟုလည်း ဖော်ပြခဲ့သည်။ ပြုံယမ်းကို ဝါရှင်တန်က လုံခြုံရေးအာမခံချက် ပံ့ပိုးပေးမည်ဟုလည်း သိရသည်။ 
ကိုရီးယားကျွန်းဆွယ် နျူအပြည့်အဝကင်းစင်ရေး မမှိတ်မသုန် ပီပြင်စွာဆောင်ရွက်ရန် ခိုင်မာစွာဆုံးဖြတ်ထားကြောင်း ကင်ဂျုံအွန်က ထပ်လောင်းအာမခံခဲ့သည်။


    ပြုံယမ်း၏လုံခြုံရေးအတွက် သမ္မတထရမ့်က မည်သို့အာမခံကြောင်းကိုမူ အတိအကျမသိရသေးပေ။ အာမခံချက်၌ တောင်ကိုရီးယားမှ အမေရိကန်တပ်များရုပ်သိမ်းရန် ပါဝင်ခြင်းရှိမရှိကို ပြောဆိုရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ငြင်းပယ်ခဲ့သည်။
        သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့သည် တစ်နှစ်ကြာမျှ အပြန်အလှန်ခြိမ်းခြောက်ခဲ့ကြပြီးနောက် ရာထူးလက်ရှိ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ပထမဆုံးသမိုင်းဝင်တွေ့ဆုံမှုအဖြစ် ဇွန် ၁၂ ရက် စင်ကာပူတွင် တွေ့ဆုံဆွေးနွေးကာ ကျယ်ပြန့်သည့်သဘောတူညီချက်တစ်ရပ် ရရှိခြဲ့ခင်းဖြစ်သည်။ 
အဓိကအားဖြင့် တင်းမာမှုလျှော့ချရေးနှင့် ကိုရီးယားကျွန်းဆွယ်နျူကင်းစင်ရေးဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံမှုအသစ်တည်ဆောက်ရန် ကတိပြုခဲ့ကြသည်။
    တွေ့ဆုံမှုရလဒ်ကို နှစ်ဘက်စလုံးက နှစ်သက်မည်ဟု ထင်မြင်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ ကင်ဂျုံအွန်ကို အိမ်ဖြူတော်သို့ဖိတ်ခေါ်ရန် အလွန်ဆန္ဒရှိကြောင်း၊ အတိတ်ကို နောက်မှာချန်ထားခဲ့ရန် မိမိတို့ ဆုံးဖြတ်ခဲ့ကြောင်း၊ အဓိကပြောင်းလဲမှုများကို ကမ္ဘာကတွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။
    တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့သည့် ထိပ်သီးတွေ့ဆုံပွဲတွင် ထရမ့်နှင့် ကင်ဂျုံအွန်တို့ ကာပဲလာ ဟိုတယ်တွင်း လက်ချင်းဆုပ်ကိုင်သွားလာနေပုံ၊ ထရမ့်က ၄င်း၏ နာမည်ကျော် The Beast မော်တော်ယာဉ်အတွင်းကို ကင်ဂျုံအွန်အား လိုက်လံပြသပုံကိုလည်း တွေ့မြင်ခဲ့ကြရသည်။ 
    သမ္မတထရမ့်သည် သတင်းထောက်များ၏ ကင်ဂျုံအွန်နှင့်ပတ်သက်၍မေးမြန်းမှုအား ကင်သည် အလွန်လေးစားထိုက်ပြီး လိမ္မာပါးနပ်သည့် စေ့စပ်ညှိနှိုင်းသူ၊ ဥပဓိရုပ်ခန့်ငြားသူ၊ အလွန်အရည်အချင်းပြည့်ဝသူ၊ မိမိနိုင်ငံကို လွန်စွာချစ်မြတ်နိုးသူအဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။ ၄င်းနှင့်တွေ့ဆုံရသည့်နေ့သည် ရင်သပ်ရှုမောဖွယ်နေ့တစ်နေ့ဖြစ်ပြီး တစ်ယောက်အကြောင်းတစ်ယောက်နှင့် တစ်နိုင်ငံအကြောင်း တစ်နိုင်ငံက ပိုမိုသိရှိလာခဲ့သည်ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်။


    ပထမဆုံးတွေ့ဆုံချိန်တွင် နှစ်ဦးဆုံးတွေ့ဆုံမှုအတွက် အလွန်နှစ်ထောင်းအားရဖြစ်မိကြောင်း၊ ကောင်းမွန်စွာ ဆွေးနွေးသွားကြပြီး အောင်မြင်မည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့ပြီး ကင်ဂျုံအွန်ကမူ ဤအခြေအနေရောက်ရှိရန် မလွယ်ကူခဲ့ကြောင်း၊ ခလုပ်ကန်သင်းများကြုံခဲ့ရသော်လည်း ရောက်အောင်လာခဲ့ရကြောင်း တုံ့ပြန်ခဲ့သည်။ 
ယင်းနောက် ခေါင်းဆောင်နှစ်ဦးတို့သည် စကားပြန်များသာလိုက်ပါလျက် မိနစ် ၄၀ နီးပါး ဆွေးနွေးခဲ့ကြပြီး အလုပ်သဘော နေ့လည်စာ အတူသုံးဆောင်ရာတွင်လည်း အကြံပေးအရာရှိ အနည်းငယ်စီသာ ပါဝင်ခဲ့ကြသည်။
    ထရမ့်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးပွမ်ပီယိုနှင့် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်အပါအဝင် အုပ်စုငယ် တက်ရောက်ပြီး ကင်ဂျုံအွန်ဘက်မှ ၄င်း၏ညာလက်ရုံးဟုတင်စားကြသည့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ကင်ယွန်ချိ်ုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုတို့ ပါဝင်ခဲ့ကြသည်။