စင်ကာပူ ဇွန် ၁၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲအတွက် စင်ကာပူသို့ရောက်ရှိနေသည့် အမေရိကန်အမျိုးသားဘက်စ်ကတ်ဘောအားကစားသမားဟောင်း ဒင်းနစ်ရော့မန်းက စီအင်န်အင်န်သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။
ထူးထူးခြားခြားလုပ်တတ်သည့် ရော့မန်းသည် တွေ့ဆုံမေးမြန်းမှုပြုလုပ်စဉ်အတွင်း ဝမ်းသာလွန်းသောကြောင့် ငိုကြွေးခဲ့သည်။ ရော့မန်းသည် ပြုံယမ်းသို့ အကြိမ်များစွာသွားရောက်ပြီး ကင်နှင့် ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံခွင့်ရသည့် ရှားရှားပါးပါးအနောက်နိုင်ငံသားတစ်ဦးဖြစ်သည်။ ရော့မန်းနှင့် ကင်တို့သည် ဘက်စကတ်ဘောကို သဘောကျမှုတွင် တူညီသောကြောင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် လွန်ခဲ့သော နှစ်များစွာတွင် ရော့မန်းသည် ထရမ့်၏ ရုပ်သံအစီအစဉ်တွင်လည်း ပါဝင်တင်ဆက်ခဲ့သေးသည်။
နေကာမျက်မှန်များတပ်ဆင်ထားပြီး အမေရိက ပြန်လည်ကြီးကျယ်လာအောင် လုပ်မည်ဟု စာရေးထားသော ဦးထုပ်ကိုဆောင်းထားသော ရော့မန်းကို စီအင်န်အင်န်မှ ခရစ်ကူမိုက တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။ ထရမ့်နှင့် ကင်တို့၏သမိုင်းဝင်တွေ့ဆုံမှုမစတင်မီတွင် အိမ်ဖြူတော်က ၎င်းကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ရော့မန်းက ပြောဆိုခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်က သမိုင်းဝင်တွေ့ဆုံမှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သည့်အတွက် ၎င်းကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဆာရာဟက်ကာဘီးက ဖုန်းဆက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရော့မန်းကပြောဆိုခဲ့သည်။
ထိပ်သီးတွေ့ဆုံပွဲအတွက် အုတ်မြစ်ချရာတွင် တစ်နည်းနည်းဖြင့်ပါဝင်ကူညီခဲ့ကြောင်း ရော့မန်းကပြောဆိုခဲ့သည်။ ယင်းကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုပင် ၎င်းကိုပေးအပ်သင့်နေပြီဖြစ်ကြောင်း ရော့မန်းက ဟာသနှောပြောဆိုခဲ့သည်။
ထို့ပြင် ဘားရက် အိုဘားမား သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန် ၎င်း သည် ပြုံယမ်းမှပြန်လာပြီး ကင့်ထံမှ သတင်းစကားများကို သယ်ဆောင်လာခဲ့သော်လည်း အိုဘားမားသည် ၎င်းကိုအလေးအနက်မထားခဲ့ကြောင်း ရော့မန်းက တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။
ကင်၏သတင်းစကားကို ထုတ်ပြောလိုက်ပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများရှိလာပြီး နောက်ဆုံးတွင် ပုန်းအောင်းနေရလိမ့်မည်ဖြစ်ကြောင်း အိုဘားမားက သတိပေးခဲ့သည်ဟု ရော့မန်းကဖွင့်ဟခဲ့သည်။ တွေ့ဆုံမေးမြန်းစဉ် မျက်ရည်ကျခဲ့မှုနှင့်ပတ်သက်၍ အေပီသတင်းဌာနက မေးမြန်းသည့်အခါ ရော့မန်းက ပူအိုက်လွန်းသောကြောင့် ချွေးပြန်ခြင်းဖြစ်ပြီး အထအနမကောက်စေလိုကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ကင့်အပေါ် အမြင်ကိုမေးမြန်းသည့်အခါ ရော့မန်းက ကင်သည် လုပ်ချင်တာလုပ်ခွင့်ရချင်သည့် ကလေးကြီးတစ်ဦးနှင့်ဆင်တူသော်လည်း မြောက်ကိုရီးယားနိုင်ငံသားများနှင့် ၎င်း၏ဂုဏ်သိက္ခာတို့ကို ကာကွယ်လိုသူသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















