မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားကို စတီးရိုးကတ်ကြေးဖြင့်ထိုးကာ ဆိုင်ကယ်နှင့်ငွေများ လုယူခဲ့သူ ၃ ဦးကို သက်ဆိုင်ရာက ဇွန် ၁၂ ရက်က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဇွန် ၁၁ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရွှေနံ့သာကျေးရွာ နှင်းဆီလမ်းပေါ်တွင် အမည်မသိအမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က လူမှုကွန်ရက်မှတစ်ဆင့် သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ည ၁၁ နာရီအချိန်ခန့်တွင် သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ်နေကိုသီဟကျော်(ခ)ဖိုးသာထူး၊ (၂၆)နှစ် ဖြစ်ကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူမှ သက်ဆိုင်ရာသို့ ဆက်သွယ်ကာ အတည်ပြုခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၆၂၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူခဲ့ပြီး ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အခင်းဖြစ်နေရာအနီး၌ တိတ်အမဲပတ်လျက် အရိုးအသွား(၈)လက်မခန့်ရှိ စတီးတူချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းခဲ့သည်။
မှုခင်းစုံစမ်းရေးအဖွဲ့ဝင်များ၏ ပူးပေါင်းစုံစမ်းချက်များအရ မင်္ဂလာဒုံမြို့နယ်နေ ရဲနိုင်လင်း(ခ)ကရင်၊ နိုင်လင်းထွန်း၊ ဖိုးလပြည့်(ခ)လပြည့်တို့ (၃)ဦးမှာ လွန်ခဲ့သော ၃ လခန့်က လုယက်မှုဖြင့် ထောင်မှလွတ်လာပြီး ပြစ်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိခဲ့သည်။
ရရှိခဲ့သည့် သတင်းများအရ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ ပုလဲ (၂)ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ လက်ဘက်ရည်ဆိုင်၌ အမှုဖြင့်မသင်္ကာသူ ဖိုးလပြည့်(ခ)လပြည့်၊ (၂၇)နှစ်၊ ရဲနိုင်လင်း (ခ)ကရင်၊ (၂၄)နှစ်၊ နှင့် နိုင်လင်းထွန်း၊ (၂၁)နှစ်တို့ (၃)ဦးကို ဇွန် ၁၂ ရက် မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၄င်းတို့ ၃ ဦးကို စစ်ဆေးချက်များအရ ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ဖိုးလပြည့်(ခ)လပြည့်မှ ဆိုင် ကယ်ဝယ်ရန်ငွေလိုကြောင်းပြောသဖြင့် ၎င်းတို့(၃)ဦး ဆိုင်ကယ်လုယက်ရန် တိုင်ပင်ခဲ့ကြပြီး လေးထောင့်ကန် (၃)လမ်းနေ သန်းဇော်ဝင်းထံမှ Canda CZI -125 ဆိုင်ကယ်အား ငွေ (၅၀ဝ၀)ကျပ်ဖြင့် ငှားရမ်းမောင်းနှင်ခဲ့သည်။ ထိုသို့ မောင်းနှင်ခဲ့စဉ် ကျိုက္ကလဲ့ဘုရားရှေ့ ဆိုင်ကယ်ကယ်ရီဂိတ်သို့ ရောက်ရှိခဲ့ရာ ဖိုးလပြည့် (ခ)လပြည့် မှသေဆုံးသူ၏ဆိုင်ကယ်ကို ငွေကျပ် (၃၀ဝ၀)ဖြင့် တိုက်ဂါး ဘီယာ စက်ရုံဘက်သို့ လိုက်ပို့ပေး ရန်ငှားရမ်းခဲ့ရာ ၎င်းဆိုင်ကယ်နောက်မှ နိုင်လင်းထွန်းနှင့် ရဲနိုင်လင်း(ခ)ကရင်တို့က ငှားရမ်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ကြောင်း၊ တိုက်ဂါးဘီယာစက်ရုံလမ်းကြား အရောက် ဖိုးလပြည့်မှပိုက်ဆံမပါသေးကြောင်း၊ရဲနိုင်လင်းထံလိုက်ယူရ မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရွှေနံ့သာကျေးရွာရှိလူပြတ်သည့်လမ်းကြား အရောက်၌ နိုင်လင်းထွန်းနှင့်ရဲနိုင်လင်းတို့ (၂)ဦးရောက်ရှိလာပြီး ဆိုင်ကယ်အား လုယူကာ နိုင်လင်းထွန်းမှ စတီးရိုးတပ် ကတ်ကြေးတစ်ဘက်ချွန်ဖြင့် ထိုးခဲ့ပြီးသေဆုံး သူ၏ဆိုင်ကယ် Honda wave-125 ဆိုင်ကယ်ကို လုယူမောင်းနှင်လာခဲ့ရာ ဆိုင်ကယ်ကို ရဲနိုင်လင်း(ခ)ကရင်၏ နေအိမ်နောက်ဘက်တွင် ဝှက်ထားကြောင်းပေါ်ပေါက်ခဲ့သည်။
ဆိုင်ကယ်ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူကိုင်ဆောင်သည့် Huawei အဖြူရောင်လက်ကိုင်ဖုန်းအား အခင်း ဖြစ်နေရာ အနီး ရှိရေ မြောင်း အတွင်းမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာ တွင်အသုံးပြုသည့် အနီရောင်တိတ်ပတ်လျက် စတီးရိုးတပ်ကတ်ကြေးတစ်ဘက်ချွန်ကိုအခင်းဖြစ်နေရာအနီးရှိရေမြောင်းအစပ်တွင်လည်းကောင်း၊ စတီးတူချွန်ကို အခင်းဖြစ်လမ်းမပေါ်မှလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ပြီး အမှုဖြင့်ဆက် လက် အရေးယူထားသည်။

















