ဘိလိယက်လောင်းကစားပြုလုပ်ရာတွင် အရှုံးပေါ်သဖြင့် ရွှေထည်များပေါင်နှံခဲ့သည့် ရွှေဆိုင်ကို အနုကြမ်းဝင်စီးခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပြီး ၃၆ နာရီအတွင်း ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၀ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ကော့ကရိတ်မြို့ဖြူစင်သန့်ရွှေဆိုင်သို့ မိုးကာအင်္ကျငီ်္ဝတ်စဉ်ထားပြီးဆိုင်ကယ်ဦးထုတ်ဆောင်ထားသူ အမျိုးသားတစ်ဦးဝင်ရောက်လာပြီး ဆိုင်ကောင်တာတွင်ထိုင်နေသည့် ဆိုင်ရှင်အမျိုးသမီးကို သေနတ်ပြ၍ မှန်ကောင်တာအတွင်းမှရွှေထည်များကို ထည့်ခိုင်းခဲ့ရာ ဆိုင်ရှင်အမျိုးသမီးက ငွေသာပေးအပ်ခဲ့သဖြင့် သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်ဆိုင်ရှင်အမျိုးသမီးတွင်ဝမ်းဗိုက်အနီးသေနတ်ဒဏ်ရာတစ်ချက်ရရှိခဲ့သောကြောင့်သေနတ်ပြအနုကြမ်းစီးလုယက်ရန် ကြံစည်သူကို သက်ဆိုင်ရာက အမှုဖွင့် စုံစမ်းခဲ့သည်။
အမှုနှင့်ပတ်သက်၍ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးလင်းထွဋ္ဋ်မြင့်က လောင်းကစားမှု များနှင့် အခြားတရားမဝင်လုပ်ငန်းများတွင် သိန်းပေါင်းများစွာ ငွေးကြေးသုံး စွဲနိ်ုင်သူ တို့ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးထူးအောင်ရွှေ၊ ခရိုင် ရဲဒနရဲအုပ်သန်းထိုက်အောင်တို့အဖွဲ့က ပူးပေါင်းစုံစမ်းခဲ့ရာ အမှုဖြင့်မသင်္ကာသူ ကော့ကရိတ်မြို့ ဆိပ်ဖူးကုန်းကျေးရွာနေ အလား(ခ)ကျင်ဦး(ခ)ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း (စုံစမ်းဆဲ)ဆိုသူမှာ ဘိလိယက်လောင်း ကစားပြု လုပ်မှုကြောင့် ရွှေထည်ပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်တို့ကို ပေါင်းနှံထားရကြောင်း သတင်းရရှိခဲ့သည်။
၄င်း၏နေအိမ်သို့ သွားရောက်ရှာဖွေပြီး ဇနီးနန်းဥမ္မာခင်ကိုမေးမြန်းရာ ၄င်း၏ခင်ပွန်းဖြစ်သူသည် လွန်ခဲ့သော (၁၀)နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်နေရာမှ ၂၀၁၇-ခုနှစ်တွင် ပြန်ရောက်ခဲ့ကြောင်း ၄င်းနှင့်အတူ သေနတ်တစ်လက်ပါလာကြောင်း ထွက်ဆိုခဲ့သည်။
ဆက်လက်စစ်ဆေးချက်အရ အခင်းဖြစ်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် လှိုင်ဝကျေးရွာ ဘိလိယက်ခုံ၌ နောင်နိုင်း(၁)နှင့်ဘိလိယက်ထိုးရာမှ ၄င်းနှင့်အတူ ပါသွားသည့် ငွေကျပ်(၁၂)သိန်း၊ ဟွန်ဒါဖစ်အဖြူတစ်စီး၊ နေအိမ်မှ ထပ်မံယူခိုင်းသည့် ဝေ့ ၁၁၀ အညိုရောင်ဆိုင်ကယ်တစ်စီးတို့ကို တစ်စီးလျှင်(၁၀)သိန်းနှုန်းဖြင့် နောင်းနိုင်းထံတွင် ပေါင်နှံထားခဲ့ကြောင်း သိခဲ့ရသည်။
ဘိလိယက်ထိုး လောင်းကစားမှုပြုလုပ်ရာတွင် ခန့်မှန်းငွေကျပ်သိန်း(၁၀ဝ)ကျော်ခန့်ရှိပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းများကိုလည်း လောင်းကစားပြုလုပ်စဉ် အရှုံးပေါ်သဖြင့် ဖြူစင်သန့် ရွှေဆိုင်တွင် မကြာခဏ ပေါင်နှံရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက အမှုဖြင့် မသင်္ကာသူကို ဆက်လက်စုံစမ်းခဲ့ရာ ကော့ကမာကျေးရွာသို့ ရောက်ရှိ နေကြောင်းသိရသဖြင့် ကျုံဒိုးမြို့စခန်းနှင့် ချိတ်ဆက်ဖမ်းဆီးခဲ့ရာ ဇွန် ၁၂ ရက်နံနက် ၇ နာရီခွဲတွင် ကျုံဒိုးမြို့မရဲစခန်းမှူး ရဲအုပ်အောင်မြင့်ဝင်းက အချိန်မီထိန်းသိမ်းနိုင်ခဲ့သည်။
အမှုဖြင့်ထိန်းသိမ်းထားသူ အလား(ခ)ကျင်ဦး(ခ)ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း (၃၁) နှစ်ကို ခရိုင်ရဲတပ်ဖွဲ့မှူး နှင့်တပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးချက်များအရ အခင်းဖြစ်နေ့က ရွှေထည် များမကြာ ခဏပေါင်နှံလေ့ ရှိသည့် ဖြူစင်သန့်ရွှေဆိုင်ကို သေနတ်ပြအနုကြမ်း စီးလုယက်မှု ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ရွှေဆိုင်လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် သေနတ်ကို ကော့ကမာကျေးရွာ လူနေထိုင်ခြင်း မရှိသည့် ဦးလေးနေအိမ်အောက် သစ်သားတုံးကြားတွင်ဝှက်ထားကြောင်း ပွိုင့် ၂၂ ခြောက်လုံးပြူးသေနတ်တစ်လက်၊ကျည်ထည့်ဘောက်အတွင်း၌ပစ်ခတ်ပြီးကျည်ခွံ(၁)ခုနှင့်ကျည်(၅)တောင့်၊ယမ်းဖာ(၂)ဖာအတွင်းထည့်ထားသည့် ကျည်ဖာတစ်ခုတွင် ကျည်(၅၀)တောင့်နှင့် ကျန်ကျည်ဖာတစ်ခုအတွင်း ကျည်(၃၅)တောင့်၊ စုစုပေါင်း(၈၅)တောင့်၊ အနက်ရောင် ဂျင်းဘောင်းဘီ(၁)ထည်၊ အဝါရောင်မိုးကာအင်္ကျီ(၁)ထည် အနက်ရောင်ခေါင်းစွပ်(၁)လုံး၊ အရိုးအသွား (၁)လက်မခန့်ရှိ ဓါးမြောင်(၁)ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် အခင်းဖြစ်စဉ်က စီးနင်းခဲ့သည့် ရွှေဆိုင်စီစီတီဗီမှတ်တမ်းပါ ဝေ့အိုင်(ခဲ/ပြာရောင်) ဆိုင်ကယ်တစ်စီး၊ ၄င်းဆိုင်ကယ်သော့(၁)ချောင်း၊ YOUGH တံဆိပ်ပါ အနက်ရောင်အိတ်(၁)လုံး၊ ဖိနပ်(၁)ရံတို့ကို ဆက်လက်သိမ်းဆည်းခဲ့ပြီး ဥပဒေနှင့်အညီဆက်လက်အရေးယူထားသည်။
" ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ထဲဝင်လာပြီး သူကသေနတ်နဲ့ ချိန်ပြီး ပါလာတဲ့ အိတ်အလွတ်ထဲ ရွှေတွေ ထည့်ခိုင်းပါတယ်။ အမေက ပိုက်ဆံ ပဲပေးလိုက်လို့ အမေ့ကို သူသေနတ်နဲ့ပစ်လိုက်ပါတယ်။ အမေ ရင်ဘတ်လက်နဲ့ အုပ်ပြီး သူက ကျနော်ရှိနေတဲ့ဘက် ရွှေတွေရှိတဲ့ ဘက်ကို ပြပြီး အိတ်ထဲ ထည့် ခိုင်းပါတယ်။ သူရော အမေရော ကျနော် ရှိတဲ့ဘက် ရောက်လာတော့ သူက ကျနော့်ကို ထပ်ပစ်မှာ စိုးလို့ အမေက သူ့သေနတ်ကို လက်နဲ့ လှမ်းရိုက်ပါတယ်၊ ပြီးတာနဲ့ အမေ ချက်ချင်း ငုပ်ချ လိုက်တယ်၊ ကျနော့်ကိုလည်း ငုပ်ခိုင်းလိုက်ပါတယ်။ အဲဒါနဲ့သူလည်း ထွက်သွားပါတယ်။ အမေကတော့ အခု မဲဆောက် ဆေးရုံကြီးမှာပါ။ ခွဲလိုက်တော့ ကျည်ဆန်က အစာအိမ်ပေါက်ပြီး အသည်းမှာ သွားစိုက်နေပါတယ်။ ဗိုက်ခွဲထားတယ်၊ သက်သာတယ်မစိုးရိမ်ရဘူး" ဟု ဖြူစင်သန့် ရွှေဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ထက်ကိုဝင်းက ၄င်း၏ လူမှုကွန်ရက်တွင် ဇွန် ၁၁ ရက် နံနက်ပိုင်းက ရေးသားခဲ့ သည်။
ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတွင် သေနတ်ကျည်ဆံဒဏ်ရာရရှိသဖြင့် မဲဆောက်ဆေးရုံသို့ ပို့အပ်ခွဲစိတ်ကု သခဲ့ရပြီး ဆေးမှတ်တမ်းအရ ကျည်ဆံမှာ အစာအိမ်ကိုဖောက်ဝင်သွားပြီး အသည်း တွင်နစ်ဝင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


















