အီတလီနှင့်   မော်လ်တာတွင်   ကမ်းကပ်ခွင့်မရသော ခိုလှုံသူကယ်ဆယ်ရေးသင်္ဘော  စပိန်လက်ခံကူညီမည်

အီတလီနှင့်   မော်လ်တာတွင်   ကမ်းကပ်ခွင့်မရသော ခိုလှုံသူကယ်ဆယ်ရေးသင်္ဘော  စပိန်လက်ခံကူညီမည်

အီတလီနှင့် မော်လ်တာနိုင်ငံတို့က ကမ်းကပ်ခွင့်မပေးသော ခိုလှုံသူကယ်ဆယ်ရေးသင်္ဘောကို စပိန်ကကမ်းကပ်ခွင့်ပေးကာ ခိုလှုံ သူများကို ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဂျာမနီအခြေစိုက် အက်စ်အိုအက်စ် မြေထဲပင်လယ် ပရိဟိတအဖွဲ့၏ အကွားရီးရက်စ် သင်္ဘောသည် စက်လှေပျက်ကာ ပင်လယ်တွင်း ရော်ဘာလှေငယ်များဖြင့် မျောပါနေသော ခိုလှုံသူ ၆၂၉ ဦးကို လစ်ဗျားကမ်းလွန်နေရာ ခြောက်နေရာမှ ကယ်ဆယ်တင်ဆောင်လာခြင်း ဖြစ်သည်။ အကွားရီးရက်စ်ကို ဗလင်စီယာ တွင် ကမ်းကပ်ခွင့်ပေးမည်ဖြစ်ကြောင်း စပိန် ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်က ပြောသည်။

တိုက်တွန်း

အီတလီနှင့် မော်လ်တာနိုင်ငံကြား ခိုလှုံသူ ကယ်ဆယ်ရေးသင်္ဘော လက်ခံရန် လွန်ဆွဲနေ မှုကို အမြန်ဆုံးဖြေရှင်းရန် ကုလသမဂ္ဂ ခိုလှုံ သူများ အဖွဲ့အစည်းနှင့် ဥရောပသမဂ္ဂတို့က လည်း တိုက်တွန်းခဲ့ကြသည်။

လူ့အခွင့်အရေး ကတိကဝတ်တွေနဲ့အညီ  ဒုက္ခရောက်နေသူတွေကို ကူညီဖို့ တာဝန်ရှိတဲ့ အတွက် ကူညီခဲ့တာဖြစ်ပါတယ်"ဟု စပိန် ဝန်ကြီးချုပ် ဆန်ချက်က ပြောသည်။

မော်လ်တာဝန်ကြီးချုပ် ဂျိုးဆက်ဖ် မူစကတ် က စပိန်ကို ချီးကျူးလိုက်ပြီး အီတလီကိုမူ ပြစ်တင်လိုက်ကာ အီတလီသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုကြောင့် ယခုလို အကျပ်အတည်းကြုံရခြင်းဖြစ်သည်ဟု မစ္စတာ မူစကတ်က ပြောသည်။

စပိန်က ခိုလှုံသူ ကယ်ဆယ်ရေးသင်္ဘောကို လက်ခံလိုက်ခြင်းသည် ခိုလှုံသူများ ဝင်ရောက်မှုကို တင်းကျပ်လိုသည့် သဘောထားတင်းမာသော အီတလီအစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီး မတ်တီယို ဆယ်ဗီနီအဖို့ အောင်ပွဲတစ်ရပ် ဖြစ်ခဲ့သည်။

ကယ်ဆယ်လာသော ခိုလှုံသူများထဲတွင် အဖော်မပါသော လူငယ် ၁၂၃ ဦးထိ ပါဝင်သလို၊ ကလေးငယ် ၁၁ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးခုနစ်ဦး ပါဝင်သည်။