အိမ်တွင်းအကြမ်းဖက်ခံရမှု၊ အုပ်စုဖွဲ့ အကြမ်းဖက်ခံရမှုဟူသော အကြောင်းအရာ မျိုးကြောင့် အမေရိကန်နိုင်ငံ၌ ခိုလှုံခွင့်မပေးနိုင်ကြောင်းဖြင့် အမေရိကန် ရှေ့နေချုပ်က ထုတ်ပြန်ပြောကြားလိုက်သည်။
အယ်လ်ဆာဗေးဒိုးနိုင်ငံမှ အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာသော အမျိုးသမီး တစ်ဦးကို ခင်ပွန်းသည်က အိမ်တွင်းအကြမ်းဖက်၊ အဓမ္မကျင့်မှုဟူသော အကြောင်းပြချက်ဖြင့် ၂၀၁၆ ခုနှစ်က အမေရိကန်၌ ခိုလှုံခွင့်ပြုခဲ့ခြင်းကို ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပယ်ချ လိုက်ခြင်း ဖြစ်သည်။ နေ့စဉ်လူမှုဘဝတွင်း ကြုံတွေ့နေရသည့် အခက်အခဲမျိုးအတွက် ခိုလှုံခွင့်မပြုနိုင်ကြောင်းဖြင့် ရှေ့နေချုပ်က မှတ်ချက်ပေးပြောကြားသည်။
"ခိုလှုံခွင့်ဆိုတာ သက်ဆိုင်ရာနိုင်ငံ အစိုးရရဲ့ ဖိနှိပ်အနိုင်ကျင့်မှု တစ်မျိုးမျိုးကို ခံနေ ရသူတွေကိုသာ ခွင့်ပြုပေးနိုင်ပါတယ်။ အစိုးရနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အိမ်တွင်း အကြမ်းဖက်မှုမျိုး၊ အုပ်စုဖွဲ့ အကြမ်းဖက်ခံရခြင်းမျိုးတွေအတွက် အမေရိကန်က ခိုလှုံခွင့် မပြုနိုင်ပါဘူး" ဟု မစ္စတာဆက်ရှင်က ဆုံးဖြတ်ချက်တွင် ရေးသားဖော်ပြထားသည်။
ယခု ဆုံးဖြတ်ချက်နှင့် တိုက်ရိုက် ပတ်သက်နေသော အယ်လ်ဆာဗေးဒိုးနိုင်ငံသူသည် ၂၀၁၄ ခုနှစ်က အမေရိကန်သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဇာတိနိုင်ငံတွင် ခင်ပွန်းဟောင်းက ကိုယ်ရောစိတ်ရော လိင်ပိုင်းအရပါ အနိုင်ကျင့်နှိပ်စက်နေမှုကြောင့် အမေရိကန်တွင် ခိုလှုံခွင့် ရလိုသည်ဟု လျှောက်ထားခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဘုတ်အဖွဲ့က ထိုအမျိုးသမီးကို ခိုလှုံခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။

















