ဆိုက်ဘာတိုက်ခိုက်ရန် ရုရှားအဓိကထောက်လှမ်းရေးဌာနကို အကူအညီပေးမှုဖြင့် ရုရှားကုမ္ပဏီငါးခုနှင့် ရုရှားနိုင်ငံသားသုံးဦးတို့အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုများချမှတ်လိုက်ပြီဖြစ်သည်။
ရုရှား၏ကျူးကျော်ရန်လိုသော ဆိုက်ဘာစွမ်းရည်များ တိုးမြင့်လာစေရေးအတွက် မကောင်း သော ရည်ရွယ်ချက်ဖြင့် လှုပ်ရှားလုပ်ဆောင်ခဲ့သူများကို တန်ပြန်ရန် ပိတ်ဆို့မှုများချမှတ်ရခြင်း ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစတီဖင်နူချင်က ပြောဆိုခဲ့သည်။
ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည် အမေရိကန်ဘဏ္ဍာ ရေးစနစ်နှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်ခွင့်ရရှိမည်မဟုတ်ချေ။ အမေရိကန်ပြည်ထောင်စုအား ရုရှားက ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်းကို တန်ပြန်သည့် ပိတ်ဆို့မှုလည်းဖြစ်သည်။
ပိတ်ဆို့မှုတွင်ပါဝင်သူများသည် ရုရှားပြည်ထောင်စုလုံခြုံရေးဌာန(အက်ဖ်အက်စ်ဘီ) မှတစ်ဆင့် ရုရှား၏ဆိုက်ဘာတိုက်ခိုက်မှုစွမ်းရည်ကို တိုးမြင့်အောင် အကူအညီပေးခဲ့သူများဖြစ်ကြပြီး ယင်းပုဂ္ဂိုလ်များ၏လုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များ၏လုံခြုံရေး အန္တရာယ်ရှိခဲ့ကြောင်း နူချင်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ပိတ်ဆို့မှုစာရင်းတွင်ပါဝင်သည့် အလက်ဇန္ဒားထရီဘန်၊ အိုလက်ချီရီကော့ဗ်နှင့် ဗလာဒီမာ ကာဂန်စကီတို့သည် ရေအောက်ဆက်သွယ်ရေးကေဘယ်ကြိုးများကို ထိုးဖောက်တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည့် ရုရှားကုမ္ပဏီ ဒိုက်ဗ်တက်ခ်နိုဆားဗစ်စ်ကုမ္ပဏီနှင့် ပတ်သက်မှုရှိခဲ့သူများဖြစ်ကြ သည်။ NotPetya ဆိုက်ဘာတိုက်ခိုက်မှုနှင့် အမေရိကန်စွမ်းအင်ကဏ္ဍတိုက်ခိုက်မှုတို့သည် ရုရှား၏ ယုတ်မာကောက်ကျစ်ပြီး တည်ငြိမ်မှုပျက်အောင် လုပ်ဆောင်မှုများဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ပြပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် ဇွန်တွင်ဖြစ်ပွားခဲ့သည့် သြအဏနအပေ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိက ဒေသများ၊ ဥရောပနှင့် အာရှတို့တွင် ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီတွင် ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုများမြစ်ဖျားခံသည့် အဖွဲ့ အစည်းများနှင့် နိုင်ငံများအပေါ် ပိတ်ဆို့မှုများချမှတ်နိုင်ရန်အတွက် အမေရိကန်ကွန်ဂရက်စ်တွင် ပိတ်ဆို့မှုများချမှတ်ခြင်းမှတစ်ဆင့် အမေရိကန်၏ရန်သူများကို တန်ပြန်ခြင်းအက်ဥပဒေကို ယမန်နှစ်တွင် အတည်ပြုခဲ့သည်။
ရုရှားအစိုးရကိုယ်စား ဆိုက်ဘာတိုက်ခိုက်မှုကျူးလွန်ခဲ့သည့်အတွက် အက်ဖ်အက်စ်ဘီအား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လတွင် ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးဖြစ်သည်။
















