ပါရီမြို့လယ်ခေါင် ဓားစာခံဖမ်းဆီးထားမှု လေးနာရီအကြာ၌ အထိအခိုက်မဲ့ ပြီးဆုံး

ပါရီမြို့လယ်ခေါင် ဓားစာခံဖမ်းဆီးထားမှု လေးနာရီအကြာ၌ အထိအခိုက်မဲ့ ပြီးဆုံး

ပါရီ    ဇွန် ၁၃
    ပြင်သစ်နိုင်ငံ၊ ပါရီမြို့လယ်ခေါင်တွင် ဇွန် ၁၂ ရက်နှောင်းပိုင်းက ဓားစာခံများ ဖမ်းဆီးထားသည့်အမှုအခင်းတစ်ခု ဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားပြီးလေးနာရီအကြာတွင် ဓားစာခံများ လွတ်မြောက်ခဲ့ပြီး လက်နက်ကိုင်အကြမ်းဖက်ခဲ့သူဟု သံသယရှိသူကိုလည်း ရဲကဖမ်းဆီးနိုင်ခဲ့ကာ ဖြစ်စဉ်တွင် ထိခိုက်မှုမရှိဟု သိရသည်။

အခင်းဖြစ်ပွားမှုသည် လက်ရှိအချိန်ထိ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုဟု ညွန်ပြသည့်လက္ခဏာမရှိကြောင်း ပြင်သစ်ရဲတပ်ဖွဲ့ကပြောသည်။ အဓိကသံသယရှိသူမှာ မော်ရိုကိုဖွား အသက် ၂၆ နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံသားဟုတ်မဟုတ်မူ သဲသဲကွဲကွဲ မသိရသေးပေ။
    ၄င်းသည် ပြန်ပေးဆွဲမှု၊ လူသတ်ရန်အားထုတ်မှု၊ လက်နက်ကိုင်အကြမ်းဖက်မှုတို့ဖြင့် စုံစမ်းစစ်ဆေးခံနေရပြီ ဖြစ်သည်။ ဓားစာခံနှစ်ဦးတို့သည် ဖမ်းဆီးခံထားရရုံမက ဓာတ်ဆီဖြင့်ပက်ကာ မီးရှို့အသတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ပြင်သစ်သတင်းများက ဖော်ပြခဲ့သည်။ သံသယရှိသူသည် အဆောက်အအုံကို ဗုံးထောင်ထားကြောင်းလည်း ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရာတွင်မူ မတွေ့ရှိခဲ့ပေ။ 
    ဓားစာခံဖမ်းဆီးထားမှု လေးနာရီအကြာတွင် အထူးရဲများက ဝင်ရောက်စီးနင်းခဲ့ပြီး မီးသတ်သမားများနှင့် မီးသတ်စက်ရုပ်ပါ အသင့်ပြင်ထားကြောင်းလည်း သိရသည်။
    သံသယရှိသူသည် ဓားစာခံနှစ်ဦး ဖမ်းဆီးထားပြီးနောက် ရဲတပ်ဖွဲ့နှင့် စေ့စပ်ညှိနှိုင်းရာတွင် အီရန်သံအမတ်နှင့် စကားပြောလိုကြောင်း တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ပါရီရှိ အီရန်သံရုံးကလည်း လူ့အသက်များ မထိခိ်ုက်စေရေး အဓိကစဉ်းစားပြီး လိုအပ်သည့် အကူအညီပေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သံသယရှိသူသည် အခြားမည်သည့်အချက်များ တောင်းဆိုခဲ့ကြောင်းလည်း သဲသဲကွဲကွဲ မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသာ ရဲက ထုတ်ပြန်ခဲ့သည်။