ကျိုက်မရောမြို့နယ် ခရုံဂူကျောက်မိုင်းအနီး၌ ဟိုင်းလတ်ခရီးသည်တင်ယာဉ် လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း မွန်မြတ်သောနှလုံးသားပိုင်ရှင် များနာရေးနှင့် လူမှုကူညီရေးအသင်းမှ ကိုအောင်မျိုးဆင့်က ပြောသည်။
ဇွန် ၁၃ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ကျိုက်မရောမြို့နယ်ခရုံဂူ ကျောက်မိုင်းအနီးခရီးသည်တင်ဟိုင်းလတ်ယာဉ်တစ်စီးလမ်းချော် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
'' ယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည် အမျိုးသမီး ၁၀ ဦး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရကြတယ်။ ကျွန်တော်တို့ အသင်းနဲ့ အခြားလူမှုရေးအသင်းတွေက ကား ၇ စီးနဲ့ မော်လမြိုင်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်။ယာဉ်နောက်လိုက်ကတော့ နေရာမှာပွဲချင်းပြီးသေသွားတယ်။ဒဏ်ရာရတဲ့သူတွေ အထဲက ကျိုက်မရောမှာနေတဲ့ ဒေါ်မြအေး(၆၅)နှစ်က ဆေးရုံရောက်မှ သေသွားတယ်။ သူ့အလောင်းကို မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံကနေ ညောင်ပင်ဆိပ်သုသာန်မှာ မီးသဂြိုလ်ကုသိုလ်ပြုခဲ့တယ်"ဟု ကိုအောင်မျိုး ဆင့် ကပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

















