မက်ဆီဒိုးနီးယားနှင့်ဂရိ ၂၇ နှစ်ကြာ နိုင်ငံနာမည်အငြင်းပွားမှု ပြေလည်မှုရရှိ

မက်ဆီဒိုးနီးယားနှင့်ဂရိ ၂၇ နှစ်ကြာ နိုင်ငံနာမည်အငြင်းပွားမှု ပြေလည်မှုရရှိ

အေသင်     ဇွန် ၁၃
    ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာသည့် မက်ဆီဒိုးနီးယားနိုင်ငံ၏ နာမည်ကိုဂရိနိုင်ငံကလက်မခံဘဲအငြင်းပွားနေကြသည်မှာ ၂၇ နှစ် ကြာခဲ့ပြီးနောက်တွင် ဘုံသဘောတူညီနိုင်သည့် နာမည်တစ်ခုရွေးချယ်နိုင်ခဲ့ကြပြီဖြစ်ကြောင်း သိရသည်။

၂၇ နှစ်ကြာအငြင်းပွားမှု၊ ကန့်ကွက်ဆန္ဒပြမှုများနောက်တွင် မြောက်ပိုင်းမက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံဟုအတည်ပြုနိုင်ခဲ့ကြပြီဖြစ်သည်။ မက်ဆီဒိုးနီးယားဟူသောနာမည်သည် ဂရိနိုင်ငံမြောက်ပိုင်းဒေသနာမည်နှင့်လည်း ဆင်တူနေသဖြင့် ဂရိကကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းမက်ဆီဒိုးနီးယားက နေတိုးနှင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် လျှောက်ထားမှုကိုလည်း ဂရိကတောက်လျှောက်ကန့်ကွက်ခဲ့သည်။ နာမည်သစ်ကိုမက်ဆီဒိုးနီးယားတွင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန်လိုသလို၊ ဂရိတွင်လည်းလွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုသေးသည်။ 
    လက်ရှိတွင် မက်ဆီဒိုးနီးယားကို ကုလသမဂ္ဂတွင် ယခင် ယူဂိုစလားဗီးယားမက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံဟုခေါ်တွင်ပြီးနောင်တွင် မြောက်ပိုင်းမက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံဟုပြောင်းလဲခေါ်တွင်ရနိုင်ခြေရှိသည်။ ဘာသာစကားမူကား မက်ဆီဒိုးနီးယားဘာသာစကားအဖြစ်သာ ဆက်လက်တည်ရှိမည်ဖြစ်ပြီး၊ လူမျိုးကိုလည်းမက်ဆီဒိုးနီးယားလူမျိုးအဖြစ်သာ ဆက်လက်ခေါ်တွင်မည်ဖြစ်သည်။ နိုင်ငံသားအဖြစ်မူ မြောက်ပိုင်းမက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံသားဟု ခေါ်တွင်မည်ဖြစ်သည်။ 
    နာမည်သစ်ကိုမက်ဆီဒိုးနီးယားနှင့် ဂရိသာမက နိုင်ငံတကာကပါ အသိအမှတ်ပြုရအောင် တရားဝင် ဆောင်ကြဉ်းသွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံကကြေညာခဲ့သည်။ လက်ရှိတွင် မက်ဆီဒိုးနီးယားဟူသောနာမည်ကို အသိအမှတ်ပြုထားသည့် နိုင်ငံ ၁၄၀ ကျော် ရှိနေသည်။ 
    ဂရိဝန်ကြီးချုပ် အလက်ဇစ် ဆီပရက်စ်နှင့် မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဇိုရန် ဇက်တို့ ဘူဂေးရီးယားတွင် ပြီးခဲ့သည့်လကကျင်းပသည့် ဥရောပသမဂ္ဂ အစည်းအဝေး၏  အရန်အစည်းအဝေးတစ်ခုတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နိုင်ငံနာမည်သစ်ကို နှစ်ဖက်သဘောတူ အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။