ပါလက်စတိုင်းသားများပိုင်မြေများကို ကျူးကျော်နေထိုင်သည့် ဂျူးများအား အစ္စရေးရဲတပ်ဖွဲ့ နေရာရွှေ့ပြောင်း

ပါလက်စတိုင်းသားများပိုင်မြေများကို ကျူးကျော်နေထိုင်သည့် ဂျူးများအား အစ္စရေးရဲတပ်ဖွဲ့ နေရာရွှေ့ပြောင်း

ဂျေရုဆလင် ဇွန် ၁၃
အနောက်ဘက်ကမ်းခြေဒေသရှိ ပါလက်စတိုင်းသားများပိုင်သော မြေများပေါ်တွင် တရားမဝင်ဆောက်လုပ်ထားသော နေအိမ် ၁၅ လုံးတွင် နေထိုင်သည့် ဂျူးလူမျိုးကျူးကျော်သမားများအား အစ္စရေးရဲတပ်ဖွဲ့က ဇွန် ၁၂ ရက်တွင် နေရာရွှေ့ပြောင်းစေခဲ့သည်။

ဂျူးလူမျိုး ၅၀ဝ ခန့်သည် နေရာရွှေ့ပြောင်းရန် လုပ်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး တချို့ကလည်း ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကာ ဒါဇင်ပေါင်းများစွာသည် နေအိမ်များထဲမှ မထွက်ဘဲ ပိ်တ်ဆို့နေထိုင်ခဲ့ကြသည်။ ထိပ်တိုက်ဆုံမှုအတွင်း ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ မစ်ကီရိုဆန်ဖဲ့ဒ်ကပြောဆိုခဲ့သည်။
    နေရာရွှေ့ပြောင်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများသည် ဂျေရုဆလင်သို့ အဝင်လမ်းကို ပိတ်ဆို့ထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများရှိခဲ့သည်။ နေအိမ်အများစုတွင်မူ နေထိုင်သူများသည် ဆန့်ကျင်မှုမပြုဘဲ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရိုဆန်ဖဲ့ဒ်ကပြောဆိုခဲ့သည်။
    နေရာရွှေ့ပြောင်းမှုပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များသည် နဲဗစ်ဟာအဗော့ကျူးကျော်စခန်းရှိ နေအိမ်များကို ဖြိုဖျက်မည်ဟု ခန့်မှန်းမှုများရှိနေသည်။ နေရာရွှေ့ပြောင်းရသူများအား နစ်နာကြေးပေးမည်ဖြစ်သလို အနီးအနားရှိ ပုဂ္ဂလိကပိုင်မဟုတ်သော မြေပေါ်၌ နေအိမ်များပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။
    အဆိုပါမြေများ၏ပိ်ုင်ရှင်မည်သူဖြစ်သည်ကို ဆုံးဖြတ်ရခြင်းမရှိသေးသော်လည်း နေအိမ်များကို ပါလက်စတိုင်းသားများပိုင်မြေများပေါ်၌ တရားမဝင်ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ဖယ်ရှားမှုပြုလုပ်ရန် အစ္စရေးတရားလွှတ်တော်ချုပ်က ၂၀၁၆ ခုနှစ်တွင် ညွှန်ကြားခဲ့ပြီးဖြစ်သည်။ အနောက်ဘက်ကမ်းခြေရှိ တိုးချဲ့အိမ်ရာများအား တရားဝင်သတ်မှတ်သည့် ယမန်နှစ်တွင် အတည်ပြုခဲ့သော ဥပဒေကိုဖျက်သိမ်းပေးရန် အထက်ရုံးသို့ လျှောက်ထားမှုရှိနေပြီဖြစ်သည်။
    ၁၉၆၇ ခုနှစ် စစ်ပွဲတွင် အစ္စရေးသည် အနောက်ဘက်ကမ်းခြေသာမက အရှေ့ဂျေရုဆလင်ကိုပါ ဂျော်ဒန်လက်ထဲမှ သိမ်းယူခဲ့သည်။ ယနေ့တွင် အဆိုပါဒေသများ၌ ဂျူးလူမျိုး ၆၀ဝ၀ဝ၀ ခန့် ကျူးကျော်နေထိုင်နေသည်။ အနောက်ဘက်ကမ်းခြေ၌ အိမ်ရာများတိုးချဲ့ဆောက်လုပ်နေထိုင်မှုသည် တရားမဝင်သော လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာက လက်ခံထားသည်။