မွေးစကလေးကြောင့် ဖခင်အား ခံစားခွင့်မပေးရန် နိုင်ဂျီးရီးယားလွှတ်တော်ဆုံးဖြတ်သော်လည်း ကန့်ကွက်သူမရှိခဲ့

မွေးစကလေးကြောင့် ဖခင်အား ခံစားခွင့်မပေးရန် နိုင်ဂျီးရီးယားလွှတ်တော်ဆုံးဖြတ်သော်လည်း ကန့်ကွက်သူမရှိခဲ့

လာဂို့စ် ဇွန် ၁၃
နိုင်ဂျီးရီးယားနိုင်ငံ၌ မွေးခါစကလေးကြောင့် ဖခင်တစ်ဦးရရှိခံစားရမည့်ခွင့်ကို မပေးအပ်ရန် လွှတ်တော်က လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့သော်လည်း အစဉ်အလာနှင့် ဓလေ့များကြောင့် ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အမျိုးသားများစွာမရှိခဲ့ချေ။

နိုင်ငံအနောက်တောင်ပိုင်း လာဂို့စ်ကဲ့သို့ ပြည်နယ်အနည်းငယ်၌သာ အမျိုးသားများအား ဇနီးများ ကလေးမွေးဖွားပြီးနောက် ရက်အနည်းငယ်ခွင့်ပေးထားသည်။ ယမန်နှစ်တွင် အက်ဆက်စ်ဘဏ်သည် ဝန်ထမ်းအမျိုးသားများအား ဖခင်တစ်ဦးခံစားရမည့် လစာဖြင့် တစ်ပတ်စာခွင့်ပေးအပ်ခဲ့မှုကြောင့် နာမည်ကျော်ကြားသွားခဲ့သည်။ 
    နိုင်ဂျီးရီးယားအလုပ်သမားဥပဒေများအရ အမျိုးသမီးများသည် မီးဖွားခွင့်ကို လစာဖြင့် ရက်သတ္တပတ် ၁၂ပတ်စာ ရရှိထားသည်။ လိင်ခွဲခြားမှုလုံးဝမရှိစေရဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားကြောင်း ဖခင်တစ်ဦးခံစားရမည့်ခွင့်ဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခဲ့သည့် အမတ် အက်ဒွပ်ပွာယော့ခ်ကပြောဆိုခဲ့သည်။ ဇနီးဖြစ်သူ ကလေးမွေးသည့်အချိ်န်တွင် အမျိုးသားများသည်လည်း အခက်အခဲများနှင့်ကြုံရလေ့ရှိသည်ကို အားလုံးသိရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းက လွှတ်တော်အတွင်းပြောဆိုခဲ့သည်။
    သို့သော် ပွာယော့ခ်၏ဥပဒေကြမ်းကို လွှတ်တော်အမတ်အများစုက ပယ်ချခဲ့သည်။ အမျိုးသားများအား ဖခင်တစ်ဦးခံစားရမည့်ခွင့်ကိုမပေးအပ်သည့် အကြောင်းတရားများသည် အမျိုးသမီးများအား အခြေခံအခွင့်အရေးမပေးအပ်ခြင်းဆိုင်ရာ အကြောင်းတရားများနှင့်တူညီနေသည်။ ယင်းတို့မှာ ဓလေ့နှင့် အစဉ်အလာဖြစ်သည်။
    အစဉ်အလာအရ ခင်ပွန်းဖြစ်သူသည် ဇနီးနှင့် မွေးစကလေးကို ကျွေးမွေးနိုင်ရန် အပြင်ထွက်အမဲလိုက်နေရမည့်အချိန်တွင် အိမ်ထဲ၌ ဇနီးနားကပ်ပြီးနေရန်မသင့်ကြောင်း အမတ်များက ပြောဆိုခဲ့သည်။ အမျိုးသားများအား ဇနီးများစွာ ယူခွင့်ပြုထားသည့် နိုင်ဂျီးရီးယား၌ ဇနီးများစွာရှိသော အမျိုးသားသည် ဇနီးတစ်ဦးမွေးဖွားတိုင်းခွင့်ရရှိနေမည်ဆိုပါက လတိုင်းခွင့်ယူနေရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်။
    နိုင်ဂျီးရီးယားနိုင်ငံသားများက ပွာယော့ခ်၏ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့ကြသည်။ အမျိုးသားများအတွက် မီးဖွားခွင့်မလိုအပ်ကြောင်း ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးကပြောဆိုခဲ့သည်။ ဖခင်တစ်ဦးခံစားရမည့် ခွင့်ကိုရရှိသည့် အမျိုးသားနှင့်ပတ်သက်၍ ဇနီးဖြစ်သူက နေအိမ်တွင် မည်မျှအကူအညီပေးသည်မပေးသည်ကို သုံးသပ်မှုပြုလုပ်ကာ သက်ဆိုင်ရာအလုပ်အကိုင်၏အကြီးအကဲထံသို့ တင်ပြသင့်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။