စတော့ဟုမ်း ဇွန် ၁၃
ယခုနှစ် စာပေနိုဘယ်ဆုချီးမြှင့်မှုကိုပါ နောက်နှစ်သို့ ရွှေ့ဆိုင်းလိုက်ရစေသည့် အရှုပ်တော်ပုံကို စတင်ခဲ့သူ ယန်းကလော့ဒ် အားနော့သည် အဓမ္မကျင့်မှုဖြင့် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။
၂၀၁၁ ခုနှစ်က ကျူးလွန်ခဲ့မှုဖြစ်ပြီး အမှုနှစ်မှုဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။ ဆွီဒင် အစိုးရရှေ့နေ ခရစ္စတီးနား ဗွိုက်က မစ္စတာ အားနော့ကို စွဲချက်တင်ရန် လုံလောက်သော သက်သေအချက်အလက်များရရှိထားသည်ဟု ဆိုသည်။ မစ္စတာ အားနော့သည် ဆွီဒင်တွင် နာမည်ကျော် ဓာတ်ပုံဆရာတစ်ဦးဖြစ်သလို၊ ရာစုနှစ်နှင့်ချီ နာမည်ကျော်ရပ်တည်ခဲ့သော နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ဖြစ်သည့် ဆွီဒင်အကယ်ဒမီ၏ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးနှင့်လည်း လက်ထပ်ထားသူ ဖြစ်သည်။
ပြစ်ကျူးလွန်ခြင်းမျိုး လုံးဝမရှိဟု အမှုသည်က ပြောကြောင်းဖြင့် မစ္စတာ အားနော့၏ ရှေ့နေ ယွန် ဟားတစ်က ပြောသည်။ အဓမ္မပြုကျင့်မှု စွဲချက်နှစ်ခုလုံးသည် အမျိုးသမီး တစ်ဦးတည်းက ဖွင့်ထားသော အမှုဖြစ်သည်။ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် အမျိုးသမီး ၁၈ ဦးထိက မစ္စတာ အားနော့သည် ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ အဓမ္မပြုကျင့်ခဲ့ကြောင်းဖြင့် ဆွီဒင် သတင်းစာများတွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။ ကျူးလွန်မှုများသည် ဆွီဒင်အကယ်ဒမီ ပရဝဏ်အတွင်း၌သော်လည်းကောင်း၊ ၎င်းထူထောင်ထားသည့် စာပေကလပ်၌သော်လည်းကောင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မစ္စတာ အားနော့ကမူ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။
၂၀ဝ၆ ခုနှစ်ကလည်း ဆွီဒင် ထီးနန်းကို ဆက်ခံမည့် အိမ်ရှေ့စံမင်းသမီး ဗစ်တိုးရီးယားကို ညစာစားပွဲတစ်ခုတွင် မဖွယ်မရာ ထိကိုင်မှုဖြင့် မစ္စတာ အားနော့ စွပ်စွဲခံခဲ့ရပြီး မဟုတ်မှန်ကြောင်းဖြင့် ၎င်းက ငြင်းဆိုခဲ့ဖူးသည်။
မစ္စတာ အားနော့၏ လိင်အရှုပ်တော်ပုံများကြောင့် နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဝင် ဇနီးသည် စာရေးဆရာမ ကာတာရီနာ ဖရိုတန်ဆန်ကိုလည်း ဆွီဒင် အကယ်ဒမီ ၁၈ ဦးကော်မတီမှ ထုတ်ပယ်ခဲ့သည်။ စာပေနိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့၏ ဂုဏ်သိက္ခာအပေါ်လည်း အများပြည်သူက မေးခွန်းထုတ်လာကြသဖြင့် ယခုနှစ် စာပေနိုဘယ်ဆုကို နောက်ဆုတ်ကာ ၂၀၁၉ ခုနှစ်တွင်မှ နှစ်နှစ်စာ ပူးတွဲချီးမြှင့်သွားရန် နိုဘယ်ဆု ချီးမြှင့်ရေးကော်မတီက စီစဉ်ခဲ့ရသည်။

















