ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကုလားရောင်မြစ်ဖျားကိုဖြတ်ကူးစဉ် စက်လှေနစ်မြုပ်ခဲ့ပြီး လူ ၂ ဦးပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ စက်လှေပိုင်ရှင်ကို သက်ဆိုင်ရာက ဇွန် ၁၃ ရက်က အမှုဖွင့်အရေးယူထားသည်။
ဇွန် ၁၂ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် တောင်ကုတ်မြို့၊ သလိန်ပြင်ကျေးရွာအုပ်စု ဒေသ အခေါ်ငတောက်တူပေါက်ချောင်းဝအနီး၌ ပန်းတင်ကျွန်းသို့ တောင်ကုတ်ချောင်းအတိုင်း စက်လှေ ပိုင်ရှင် ဦးတူး(၅၅)နှစ် မောင်းနှင်ပြီး ဦးမြင့်နိုင်(၄၈)နှစ်အပါအဝင် ၄ ဦး လိုက်ပါလာသည့် အလျား ၂၇ ပေ၊ အကျယ် ၂ ပေ၊ အနံ ၃ ပေခွဲခန့်ရှိ စက်တပ်လှေမှာ ကုလားရောင်မြစ်ဖျားအား ဖြတ်ကူးစဉ် မိုးသက်လေပြင်းကျရောက်လာပြီး စက်လှေနစ်မြုပ်ခဲ့သည်။
စက်လှေနစ်မြုပ်မှုကြောင့် ဦးဝင်းဇော်အပါအဝင် (၃)ဦးတို့ကို ငွေဇင်ယော်စက်လှေမှ တွေ့ရှိကယ် ဆယ်နိုင်ခဲ့ပြီး စက်လှေပိုင်ရှင် ဦးတူးနှင့် ဦးမြင့်နိုင်တို့(၂)ဦးမှာ ပျောက်ဆုံးနေသဖြင့် ပန်းတင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် အခင်းဖြစ်နေရာချောင်း တစ်လျှောက်လိုက်လံရှာဖွေခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်း (ပ)၂၃၉/၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၀အရ အမှုဖွင့်စစ်ဆေး လျက်ရှိသည်။















