ဆာနာ ဇွန် ၁၃
ယီမင်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဟူဒေဒါ ဆိပ်ကမ်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ဆော်ဒီအာရေဗျအစိုးရက ကျောထောက်နောက်ခံပေးထားသော တပ်များသည် ထိုးစစ်စတင်ပြီဖြစ်ကြောင်း သိရသည်။
သုံးနှစ်ကြာမြင့်လာပြီဖြစ်သည့် ယီမင်ပြည်တွင်းစစ်အတွင်း ဟူဒေဒါ ဆိပ်ကမ်းမြို့သည် လူသားချင်းစာနာမှု အကူအညီများ အဓိကဝင်ပေါက်လည်းဖြစ်ရာ ထိုဆိပ်ကမ်းမြို့သိမ်း တိုက်ပွဲများကြောင့် ယီမင်တွင် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ ထိခိုက်နိုင်သည်ဟု နိုင်ငံတကာ ပရဟိတအဖွဲ့များက ပြောသည်။ စစ်ဘေးဒဏ်ခံ ယီမင်တွင် ပြည်သူ ခုနစ်သန်းခန့်သည် လူသားချင်းစာနာမှု အကူအညီများကို မှီခိုနေရသည်။
ဇွန် ၁၂ ရက် ညသန်းခေါင်နောက်ဆုံးထားပြီး ဟူဒေဒါ ဆိပ်ကမ်းမြို့မှ ဆုတ်ခွာရန် အစိုးရဆန့်ကျင်ရေး ဟူသီ သူပုန်တပ်ဖွဲ့များကို ပြည်ပရောက် ယီမင် အစိုးရက ရာဇသံပေးခြင်းကို ဟူသီသူပုန်များက လစ်လျူပြုခဲ့သဖြင့် ဆော်ဒီ ဦးဆောင်သော မဟာမိတ်တပ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဟူဒေဒါ ဆိပ်ကမ်းမြို့ လွတ်မြောက်ရေး အကြီးစား ထိုးစစ်စတင်ပြီဖြစ်ကြောင်း၊ မြေပြင်ထိုးစစ်တပ်ဖွဲ့များကို လေကြောင်း၊ ရေကြောင်းတို့က ပစ်ကူပေးလျက်ရှိကြောင်း ဆော်ဒီ နိုင်ငံပိုင် အယ် အာရေးဗီးယား သတင်းဌာနကလည်း ဖော်ပြသည်။
ဟူသီ သူပုန်များသည် ဟူဒေဒါ ဆိပ်ကမ်းကို အသုံးချကာ အီရန်က ထောက်ပံ့သည့် လက်နက်များကို ခိုးသွင်းနေကြောင်း ပြည်ပရောက် ယီမင် အစိုးရက စွပ်စွဲထားပြီး ဟူသီတို့က ငြင်းဆန်ထားသည်။ ယီမင်ပြည်တွင်းစစ်ကြောင့် လူ တစ်သောင်းကျော် သေဆုံးခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် လက်ရှိ၌ အဆိုးဝါးဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားသည်။

















