ဆိုင်ဝန်ထမ်းအမျိုးသားကို ဓမ္မတာဖြင့်ဆန့်ကျင်ကာလိင်ဆက်ဆံခဲ့သည်ဆိုမှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်ကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာမခံပေးရန် ဒုတိယအကြိမ်မြောက် ယနေ့ ဇွန် ၁၃ ရက် ရုံးချိန်းတွင် ၄င်း၏အကျိုးဆောင်ကလျှောက်ထားခဲ့သည်။
ယနေ့ ၆ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေကို စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း နေမကောင်းသဖြင့် လာရောက်နိုင်ခဲ့ခြင်းမရှိဘဲ အမှုကိုစစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်(ခ)အက်ဒီ၏ အကျိုးဆောင် ဒေါ်အေးအေးသက်က ပြောသည်။
အမှုကို ဇွန် ၂၇ ရက်တွင်ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားပြီး တရားလိုပြသက်သေ ၃ ဦးကို လည်းစစ်ဆေးသွားမည်ဖြစ်ကာ ယနေ့ လျှောက်ထားခဲ့သည့် အာမခံကိစ္စနှင့်ပတ်သက်၍ အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ မယ်လိမ့်လုံစားသောက်ဆိုင်၏ ပိုင်ရှင် ကိုအောင်မျိုးထွဋ်(ခ)အက်ဒီသည် မတ်လအတွင်းက ဆိုင်ဝန်ထမ်း အမျိုးသားကို ဓမ္မတာဖြင့်ဆန့်ကျင်ကာ လိင်တူချင်းဆက်ဆံခဲ့သည်ဆိုမှုဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ဖြင့် တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော အမှုဖြစ်သည်။
















