AT&T ဆက်သွယ်ရေးနှင့် Time Warner မီဒီယာတို့ပူးပေါင်းရေး အမေရိကန်ခရိုင်တရားရုံးခွင့်ပြုချက်ပေး

AT&T ဆက်သွယ်ရေးနှင့် Time Warner မီဒီယာတို့ပူးပေါင်းရေး အမေရိကန်ခရိုင်တရားရုံးခွင့်ပြုချက်ပေး

တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံမျှရှိမည့် အမေရိကန်ဆက်သွယ်ရေးဘီလူးကြီး AT&T နှင့် မီဒီယာလုပ်ငန်းကြီး Time Warner တို့ ပူးပေါင်းခွင့်ကို အမေရိကန်ခရိုင်တရားရုံးက ခွင့်ပြုလိုုက်ပြီဖြစ်သည်။ AT&T သည် ကြိုးမဲ့ဆက်သွယ်ရေး၊ ဂြိုဟ်တုရုပ်သံနှင့် အင်တာနက်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး Time Warner သည် HBO နှင့် CNN  အပါအဝင် မီဒီယာလုပ်ငန်းများ ပိုင်ဆိုင်သည်။

    ပူးပေါင်းမှုကို ပိတ်ဆို့ထားသည့် အစိုးရဥပဒေပြုသူများအတွက် အဓိကအရေးနိမ့်မှုတစ်ရပ်သဖွယ်ဖြစ်သော ဆုံးဖြတ်ချက်ကို ခရိုင်တရားသူကြီး ရစ်ချတ်လီယွန်က ချမှတ်ခဲ့သည်။ စားသုံးသူများအတွက် အခကြေးငွေများ ပိုမိုမြင့်မားလာနိုင်ဖွယ် ယှဉ်ပြိုင်မှုကင်းမဲ့စေသည့် ပေါငး်စည်းမှုဖြင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ ယခုဆုံးဖြတ်ချက်ကြောင့် Comcast က 21st Century Fox ကို ဝယ်ယူသိမ်းသွင်းရေးကဲ့သို့ ကိစ္စများလည်း ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်ကြသည်။

AT&T နှင့် Time Warner ပေါင်းစည်းရေးသည် ၂၀၁၆ ခုနှစ်တွင် စတင်ကြေညာခဲ့ပြီး ၁၈ လကြာမှ တရားရုံးခွင့်ပြုချက်ကျခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် AT&T က Time Warner ကို ဝယ်ယူခဲ့ခြင်းဖြစ်၍ တန်ဘိုးမှာ ဒေါ်လာ ၈၅ ဘီလီယံခန့်ဖြစ်သည်။

AT&T ၏ရှေ့နေ ဒယ်နီရယ်ပီထရိုစဲလီက လွှဲပြောင်းမှုသည် ဇွန် ၂၁ ရက်မတိုင်မီ အပြီးသတ်ရန်မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ပေါင်းစည်းရေးပိတ်ဆို့သူများသည် ပူးပေါင်းမှုက Time Warner ၏ သြဇာကို မြင့်တက်စေမည်ဟူသည့် အချက်ကို သက်သေပြရန် ပျက်ကွက်ခဲ့ကြောင်း တရားသူကြီးလီယွန်ကပြောသည်။ အထောက်အထားများအရ AT&T ၏ ဖောက်သည်များအတွက် စရိတ်လျော့ကျဖွယ်ရှိကြောင်း တွေ့ရှိရသည်ဟုလည်း ပြောဆိုခဲ့သည်။ သဘောတူညီချက်ကို ဆိုင်းငံ့ထားရေး တရားရေးဌာန၏ဆောင်ရွက်သည် တရားမျှတမှု ရှိမည်မဟုတ်ဟုလည်း လီယွန်က ပြောဆိုခဲ့သည်။

တရားရုံးဆုံးဖြတ်ချက်ကို လက်ထောက်ရှေ့နေချုပ် မာကန်ဒဲလ်ရာဟမ်က စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပြီး တရားရေးဌာနအနေဖြင့် အယူခံဝင်ရန် ရှိမရှိမူ မပြောချေ။ ပေါင်းစည်းမှုကြောင့် အခပေးရုပ်သံဈေးကွက်သည် ယှဉ်ပြိုင်မှုနှင့် ဆန်းသစ်မှု လျော့နည်းလိမ့်မည်ဟု ယုံကြည်ဆဲဖြစ်ကြောင်းသာ ပြောဆိုခဲ့သည်။

တိုက်ရိုက်ယှဉ်ပြိုင်မဟုတ်သည် ကုမ္ပဏီနှစ်ခု ဒေါင်လိုက်ပေါင်းစည်းမှုကို တားမြစ်လိုသည့် အမေရိကန် အစိုးရအတွက် ယခုအမှုက ဆယ်စုနှစ်များအတွင်း ပထမဆုံးစိန်ခေါ်မှု ဖြစ်လာခဲ့သည်။ ပွင့်လင်းဈေးကွက်သိပ္ပံမှ ပညာရှင်များကလည်း ယခုဆုံးဖြတ်ချက်သည် အများပြည်သူအတွက် ကြီးမားသည့်ဆုံးရှုံးမှုဟု ပြောဆိုခဲ့သည်။

၂၀၁၆ အမေရိကန်သမ္မတမဲဆွယ်ကာလအတွင်း ဒေါ်နယ်ထရမ့်ကို ဝေဖန်ပြစ်တင်ခဲ့သည့် AT&T က ပေါင်းစည်းရေးကို အစိုးရ၏ကန့်ကွက်မှုသည် နိုင်ငံရေးရည်ရွယ်ချက်ပါကြောင်း ပြောဆိုခဲ့သည်။