ဒီဇယ်မီးခိုးထွက်နှုန်းလိမ်ညာမှုဖြင့် ဗောက်စ်ဝက်ဂွန် ကားလုပ်ငန်းကို ဂျာမနီ ယူရိုသန်းတစ်ထောင် ဒဏ်ရိုက်

ဒီဇယ်မီးခိုးထွက်နှုန်းလိမ်ညာမှုဖြင့် ဗောက်စ်ဝက်ဂွန် ကားလုပ်ငန်းကို ဂျာမနီ ယူရိုသန်းတစ်ထောင် ဒဏ်ရိုက်

ဒီဇယ်ကားများမှ ကားမီးခိုးထွက်နှုန်းကိုလိမ်လည်ပြသသည့် ဆော့ဖ်ဝဲကိုကားများထဲထည့်သွင်းခဲ့မှုဖြင့် ဗောက်စ်ဝက်ဂွန် (ဖော့စ်ဗာဂန်) ကားလုပ်ငန်းကိုဂျာမနီတရားရုံးကဒဏ်ကြေးယူရိုသန်းတစ်ထောင်ရိုက်လိုက်ကြောင်းသိရသည်။

၂၀ဝ၇ မှ ၂၀၁၅ ခုနှစ်အကြားဗောက်စ်ဝက်ဂွန်သည် ကားမီးခိုးထွက်နှုန်းလိမ်လည်ပြသသည့် ဆော့ဖ်ဝဲထည့်သွင်းထားသောကားစီးရေ ၁၀ သန်းကျော် ရောင်းချခဲ့ကြောင်းဘရွန့်ဘက် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ တရားရုံးဆုံးဖြတ်ချက်ကိုအယူခံဝင်မည်မဟုတ်ကြောင်း၊ ဒီဇယ်မီးခိုးထွက်နှုန်းလိမ်ညာခဲ့မှုတွင် ၎င်းတို့၌ တာဝန်ရှိသည်ကိုဝန်ခံကြောင်းဖြင့် ဗောက်စ်ဝက်ဂွန်ကထုတ်ပြန်ပြောကြားသည်။

ယခုဒဏ်ကြေးသည် ဂျာမနီတရားရုံးကကုမ္ပဏီတစ်ခုအပေါ် ချမှတ်သည့် စံချိန်တင် အများဆုံးဒဏ်ကြေးလည်း ဖြစ်သည်။ ဒဏ်ကြေးကိုကျေကျေနပ်နပ် လက်ခံခြင်းဖြင့် ဗောက်စ်ဝက်ဂွန်သည် ဒီဇယ်မီးခိုးအရှုပ်တော်ပုံတွင် မိမိယူရမည့် တာဝန်ကိုကျေပြွန်စွာယူလိုက်ခြင်းဖြစ်ကြောင်းဗောက်စ်ဝက်ဂွန် အမှုဆောင်အရာရှိချုပ် ဟားဘတ် ဒိုင်ယက်စ်ကပြောသည်။

ဗောက်စ်ဝက်ဂွန်သည် အမေရိကန်နိုင်ငံတွင်လည်းအလားတူအမှုဖြင့် ရာဇဝတ်မှုဒဏ်ကြေးဒေါ်လာသန်း ၄၃၀ဝ ကျော်ထိပေးဆောင်ရန် သဘောတူထားပြီးဖြစ်သည်။ အမေရိကန်တွင် အခြားသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာလျော်ကြေးများပါ ထည့်ပေါင်းလျှင် ဗောက်စ်ဝက်ဂွန်သည် ယူရိုသန်း နှစ်သောင်းကျော်ထိပေးဆောင်ရဖွယ်ရှိသည်။ အမေရိကန်တွင် ကားများ ပြန်လည်ပြုပြင်ပေးရန်နှင့် ပြန်လည်ဝယ်ယူရန်၊ လေထုညစ်ညမ်းမှု ဒဏ်ကြေး၊ လျော်ကြေးစသည်များအတွက် ဗောက်စ်ဝက်ဂွန်သည် ဒေါ်လာသန်းသုံးသောင်းထိ သီးသန့်ဖယ်ထားပြီးဖြစ် ကြောင်းလည်းသိရသည်။

၂၀၁၅ စက်တင်ဘာတွင် ဗောက်စ်ဝက်ဂွန် မီးခိုးထွက်နှုန်းလိမ်လည်မှုအရှုပ်တော်ပုံပေါ်ပေါက်ခဲ့ပြီးအမေရိကန်တွင် ထိုသို့ လိမ်လည်ဆော့ဖ်ဝဲထည့်သွင်းထားသည့် ကားစီးရေခြောက်သိန်းရောင်းချခဲ့ကာ၊ ကမ္ဘာတစ်ဝန်းတွင်မူစီးရေ ၁၁ သန်းနီးပါးထိရောင်းချခဲ့ကြောင်းစာရင်းများအရသိရသည်။