အန္တာတိကတိုက် ရေခဲများ မြန်မြန်ဆန်ဆန် အရည်ပျော်လျက်ရှိကြောင်းသိပ္ပံပညာရှင်များကသတိပေးပြောကြားလိုက်သည်။
အန္တာတိကတိုက်သည် လက်ရှိတွင် တစ်နှစ်လျှင် ရေခဲတန်ချိန် ဘီလီံယံ ၂၀ဝ ခန့် အရည်ပျော်ကျလျက်ရှိကြောင်းသိရသည်။ ထိုသို့ အရည်ပျော်ခြင်းအကျိုးဆက်ကြောင့် ကမ္ဘာ့ပင်လယ်ရေပြင်သည် တစ်နှစ်လျှင် ဝ ဒသမ ၆ မီလီမီတာ မြင့်တက်လာရသည်ဟုသိပ္ပံပညာရှင်များကဆိုသည်။ လေ့လာတွေ့ရှိချက်များကိုသဘာဝဝန်းကျင် (Nature) ဂျာနယ်တွင် ဖော်ပြထားသည်။
၁၉၉၂ ခုနှစ်မှသည် လက်ရှိအချိန်ထိဆိုလျှင် အန္တာတိကတိုက်သည် ရေခဲတန်ချိန် ၂ ဒသမ ၇ ထရီလီယံခန့် အရည်ပျော်ခဲ့ပြီဖြစ်ပြီး၊ ထိုသို့ပျော်ကျသောရေခဲများကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ၇ ဒသမ ၅ မီလီမီတာ မြင့်တက်လာရသည်ဟုလေ့လာတွေ့ရှိထားသည်။
ကမ္ဘာ့အစိုးရများအနေဖြင့် မြေနိမ့်ကမ်းရိုးတန်းဒေသများပင်လယ်ရေလွှမ်းခံရမည့်အရေးကို ကြိုတင်ကာကွယ်ရေးအစီအစဉ်များ၊ နေရာပြောင်းရွှေ့ချထားရေးအစီအစဉ်များရေးဆွဲထားရန်လည်းအစီရင်ခံစာကသတိပေးသည်။ အထူးသဖြင့် ရေနွေးစီးကြောင်းထိုးဝင်နေသော အန္တာတိကတိုက် အနောက်ပိုင်းခြမ်းတွင် ရေခဲများအရည်ပျော်နှုန်းအမြင့်ဆုံးဖြစ်နေကြောင်းလေ့လာသုတေသနကိုဦးဆောင်ခဲ့သည့် ဗြိတိန်နိုင်ငံလိဒ်တက္ကသိုလ်မှ ပါမောက္ခ အန်ဒရူးရှားပါ့ဒ်ကပြောသည်။
နာဆာသည်လည်း ၁၉၉၀ ပြည့်နှစ်များကစတင်ကာ အန္တာတိကတိုက် ရေခဲပြင်စောင့်ကြည့်ရေး ဂြိုလ်တုကိုလွှတ်တင်ခဲ့သလို၊ ဥရောပသည်လည်း ၁၉၉၂ ခုနှစ်ကစတင်ကာ အန္တာတိကတိုက် ရေခဲပြင်အခြေအနေကိုပုံမှန် မှတ်တမ်းတင်နေခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းအမျိုးမျိုးသောအကြောင်းရင်းများကြောင့် ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ် ၃ မီလီမီတာခန့် မြင့်တက်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးမှုကြောင့် ပင်လယ်ရေပြင် ပြန့်ကားတက်လာခြင်း၊ အန္တာတိယကတိုက် ရေခဲများအရည်ပျော်ခြင်းစသည့် အကြောင်းရင်းများပါဝင်သည်။ အထူးသဖြင့် အန္တာတိကတိုက် ရေခဲများအရည်ပျော်မှုသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာစေသည့် အဓိကလက်သည်ဖြစ်သည်ဟုလည်းလေ့လာမှုစစ်တမ်းကထောက်ပြထားသည်။



















