ဂါဇာရှိ အကြမ်းဖက်မှုများအတွက် အစ္စရေးတွင် တာဝန်ရှိကြောင်း ကုလအထွေထွေညီလာခံ ဆုံးဖြတ် ကုလသမဂ္ဂ ကိုယ်ကျင့်တရားပိုင်းအရ ပျက်ကွက်ခဲ့ပြီဖြစ်ဟု အမေရိကန်သံအမတ်ကြီးတုံ့ပြန်

ဂါဇာရှိ အကြမ်းဖက်မှုများအတွက် အစ္စရေးတွင် တာဝန်ရှိကြောင်း ကုလအထွေထွေညီလာခံ ဆုံးဖြတ် ကုလသမဂ္ဂ ကိုယ်ကျင့်တရားပိုင်းအရ ပျက်ကွက်ခဲ့ပြီဖြစ်ဟု အမေရိကန်သံအမတ်ကြီးတုံ့ပြန်

အစ္စရေးနှင့်ဂါဇာနယ်စပ်ရှိ အကြမ်းဖက်မှုများအတွက် အစ္စရေးတွင် တာဝန်ရှိကြောင်း ဖော်ပြထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန် ၁၃ ရက် နှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကို ပါလက်စတိုင်းသားများက ကျောထောက်နောက်ခံပေးခဲ့ပြီး ဂါဇာကိုအုပ်ချုပ်နေသည့် ဟာ့မာ့စ်အကြမ်းဖက်အဖွဲ့က အစ္စရေးအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချရန် အမေရိကန်က တောင်းဆိုချက်မှာလည်း ပယ်ချခံခဲ့ရသည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် အထွေထွေညီလာခံ၌ ယင်းဆုံးဖြတ်ချက်မူကြမ်းကို အာရပ်နှင့် အစ္စလာမ်နိုင်ငံများက ကမကထပြုခဲ့ခြင်းဖြစ်သည်။ ဟာ့မာ့စ်က အစ္စရေးဘက်သို့ ဒုံးကျည် ၁၀ဝ ခန့်ဖြင့် ပစ်ခတ်ခဲ့ခြင်းကို ထည့်သွင်းဖော်ပြခြင်းမပြုခဲ့ချေ။

အစ္စရေးနှင့်ဂါဇာနယ်စပ်၌ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် မတ် ၃၀ မှစပြီး အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၂၀ ကျော်သေဆုံးပြီး ၃၈၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုသည် လက်နက်ကိုင်ဆောင်ထားသူမဟုတ်ကြောင်း ဂါဇာကျန်းမာရေးဝန်ထမ်းများကပြောဆိုခဲ့သည်။

အစ္စရေး၏သိမ်းပိုက်မှုအောက်ရှိ ပါလက်စတိုင်းအရပ်သားများ ကျန်းမာချမ်းသာရေး၊ လုံခြုံရေးတို့အတွက် လုပ်ဆောင်ပေးရန် ရက် ၆၀ အတွင်း နည်းလမ်းရှာဖွေကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်အား တောင်းဆိုသည့် အဓိကအချက်တစ်ခုလည်း ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည်။

အာရပ်နိုင်ငံများကို ကိုယ်စားပြုသည့် အယ်လ်ဂျီးရီးယားသံအမတ်ကြီး ဆာဘရီဘိုကာဒိုယမ်က အမေရိကန်က ဟာ့မာ့စ်နှင့်ပတ်သက်၍ အဆိုပြုချက်သည် ဆုံးဖြတ်ချက်နှင့် မသက်ဆိုင်သောကြောင့် ပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်၏အဆိုပြုချက်ကို ပယ်ချသင့်ကြောင်း ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မဲပေးခဲ့ရာ ထောက်ခံမဲ ၅၉ မဲ၊ ကန့်ကွက်မဲ ၇၈မဲ၊ ပျက်ကွက်မဲ ၂၆ မဲတို့ရရှိခဲ့သောကြောင့် အဆိုပြုချက်ကို မဲပေးဆုံးဖြတ်ရန် အဖြေထွက်ခဲ့သည်။

အမေရိကန်၏အဆိုပြုချက်အား ထောက်ခံမဲ ၆၂ မဲ၊ ကန့်ကွက်မဲ ၅၈ မဲ၊ ပျက်ကွက်မဲ ၄၂ မဲတို့ဖြင့် အတည်ပြုခဲ့သည်။ သို့သော် အထွေထွေညီလာခံဥက္ကဋ္ဌ မီရောဆလပ်ဗ်လာချက်က ညီလာခံစည်းမျဉ်းအရ ပြင်ဆင်အဆိုပြုချက်တစ်ခုကို အတည်ပြုရန် ထောက်ခံမဲ သုံးပုံနှစ်ပုံလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သောကြောင့် အဆိုပြုချက် ရှုံးနိမ့်ခဲ့သည်။

ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး နစ်ကီဟာလေကလည်း ညီလာခံ၏အခြားစည်းမျဉ်းတစ်ခုအရ မဲအများစုသာလိုအပ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ ယင်းနောက်တွင် လာချက်သည် အမေရိကန်၏အဆိုပြုချက်နှင့် မဲခွဲခွင့်ပြုခဲ့ရာ ထောက်ခံမဲ ၆၆ မဲ၊ ကန့်ကွက်မဲ ၇၃ မဲ၊ ပျက်ကွက်မဲ ၂၆ မဲတို့ဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။

ယင်းနောက်တွင် ညီလာခံသည် ပါလက်စတိုင်းသားများ၏ထောက်ခံချက်ရထားသော ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲခဲ့ရာ ထောက်ခံမဲ ၁၂၀၊ ကန့်ကွက်မဲ ၈ မဲ၊ ပျက်ကွက်မဲ ၄၅ မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့သည်။ ယခုဆုံးဖြတ်ချက်ကို အတည်ပြုလိုုက်ခြင်းဖြင့် ကုလသမဂ္ဂသည် ကိုယ်ကျင့်တရားပိုင်းအရ ပျက်ကွက်ခဲ့ပြီဖြစ်ကြောင်း ဟာလေက ဝေဖန်ပြောဆိုခဲ့သည်။