လူမည်းအမျိုးသမီး ဆန်ဖရန်စစ္စကိုမြို့တော်ဝန် ပထမဆုံးအကြိမ်ဖြစ်

လူမည်းအမျိုးသမီး ဆန်ဖရန်စစ္စကိုမြို့တော်ဝန် ပထမဆုံးအကြိမ်ဖြစ်

အမေရိကန်ပြည်ထောင်စုကယ်ဖီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လူမည်းအမျိုးသမီးတစ်ဦး မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ယခုအချိန်သည် ဆန်ဖရန်စစ္စကို၌ အာဖရိကန်-အမေရိကန်နွယ်ဖွားများရှားသထက် ရှားလာနေချိန်လည်း ဖြစ်သည်။

လူမည်းအမျိုးသမီးလန်ဒန် ဘရိဒ်တစ်ယောက် မြို့တော်ဝန်ရာထူးထိရောက်လာပုံမှာလည်းစိတ်ခွန်အားဖြစ်စရာဇာတ်လမ်းတစ်ပုဒ်နှယ်ဖြစ်သည်။ အစိုးရတန်းလျားတွင် အဘွားဖြစ်သူနှင့်အတူ ချို့ငဲ့စွာနေထိုင်ကြီးပြင်းခဲ့ရသူဖြစ်သည်။ မဲရာခိုင်နှုန်း ၅၀ ကျော်ကျော်လေးဖြင့် ကပ်ပြီးနိုင်ကာ မြို့တော်ဝန်ဖြစ်လာရသည့်အတွက်လည်းမဲဆန္ဒရှင်များကိုကျေးဇူးတင်ရှိကြောင်းမစ္စ ဘရိဒ်ကပြောသည်။ အမေရိကန်တွင် အကြီးဆုံး မြို့ကြီး ၁၅ မြို့၏ မြို့တော်ဝန်များထဲတွင် မစ္စ ဘရိဒ်တစ်ယောက်သာ အမျိုးသမီးအဖြစ်ပါဝင်သည်။

ဆန်ဖရန်စစ္စကိုသည် လက်ရှိအချိန်တွင် အိမ်ခြေရာမဲ့ပြဿနာ၊ အမှိုက်ပြဿနာများရင်ဆိုင်နေရပြီး၊ ဆန်ဖရန်စစ္စကိုလမ်းကြိုလမ်းကြားများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လမ်းကြိုလမ်းကြားများနှယ် အမှိုက်များနှင့် ရှုပ်ပွလျက်ရှိရာမစ္စ ဘရိဒ်သည် စည်ပင်ကိစ္စကိုဦးစွာကိုင်တွယ်ရရန် ရှိနေသည်။ ထို့အပြင် အိမ်ခြံမြေဈေးများမိုးထိုးနေမှုကြောင့် လက်လုပ်လက်စားအိမ်ထောင်စုများ မြို့ထဲတွင် နေထိုင်ရန် စရိတ်မတတ်နိုင်တော့ဘဲတဖြည်းဖြည်း မြို့လယ်နှင့်ဝေးရာကိုရောက်ရှိနေကြသည့် ပြဿနာကိုလည်းဖြေရှင်းရမည်ဖြစ်သည်။

မစ္စ ဘရိဒ်သည် မြို့တော်ဝန်အဖြစ် ရွေးကောက်မခံရမီကဆန်ဖရန်စစ္စကိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာက မြို့တော်ဝန် အက်ဒ် လီ ရုတ်တရက် ကွယ်လွန်ပြီးနောက် မစ္စ ရိဒ်သည် ယာယီ မြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကာအနိုင်ရရှိလာသူလည်း ဖြစ်သည်။

ရွေးကောက်ပွဲကိုဇွန် ၅ ရက်ကတည်းကကျင်းပခဲ့ခြင်းဖြစ်ပြီးမဲရလဒ်များမတိမ်းမယိမ်းဖြစ်နေသည့်အတွက် ဆန်ဖရန်စစ္စကိုရွေးကောက်ပွဲကော်မရှင်သည် မဲများကိုစနစ်တကျ ပြန်လည်ရေတွက်နေရခြင်းကြောင့် ရလဒ်ကြေညာရန် ကြာမြင့်နေခဲ့ခြင်း ဖြစ်သည်။

မစ္စ ဘရိဒ်သည် ဆန်ဖရန်စစ္စကို၏ ပထမဆုံးသောလူမည်းအမျိုးသမီး မြို့တော်ဝန်ဖြစ်သော်လည်းပထမဆုံးအမျိုးသမီး မြို့တော်ဝန်တော့ မဟုတ်။ ၁၉၇၈ ခုနှစ်ကဒဲနီဖိုင်စတိန်းသည် ပထမဆုံးအမျိုးသမီး မြို့တော်ဝန်ဖြစ်ခဲ့ပြီးလက်ရှိတွင် ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဖြစ်နေသည်။