အမေရိကန်အားကစားဖိနပ်နှင့် ဝတ်စုံကုမ္ပဏီကြီး နိုက်ကီသည် အမေရိကန်အစိုးရက အီရန်အပေါ် ပိတ်ဆို့မှုသစ်ချမှတ်ရန်ရှိနေသောကြောင့် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အီရန်ဘောလုံးသမားများအား အားကစားဖိနပ်များ ထောက်ပံ့ပေးရန် အစီအစဉ်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုက်ကီ၏ဆုံးဖြတ်ချက်ကြောင့် အီရန်ဘောလုံးသမားများစိတ်ပျက်ခဲ့ရပြီး နည်းပြချုပ် ကာလို့စ်ကူရော့ဇ်က အီရန်ကစားသမားများကို ကူညီရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကို တောင်းဆိုခဲ့သည်။ အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ချုပ်ဆိုထားသည့် စာချုပ်မှ နုတ်ထွက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လွန်ခဲ့သောလတွင်ပြောဆိုခဲ့သည်။
ထရမ့်ကထုတ်ပြန်ပြီးနောက်တွင် နိုင်ငံခြားကုမ္ပဏီကြီးများစွာသည် အီရန်ရှိ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်၏ပိတ်ဆို့မှုများကြောင့် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော နိုက်ကီသည် ယခုအကြိမ်တွင် အီရန်အမျိုးသားအားကစားသမားများအား အားကစားဖိနပ်များထောက်ပံ့ပေးနိုင်တော့မည်မဟုတ်ကြောင်း နိုက်ကီကုမ္ပဏီကထုတ်ပြန်ခဲ့သည်။
အီရန်အားကစားသမားများသည် ၎င်းတို့၏အားကစားဖိနပ်များနှင့် အကျင့်ရနေပြီဖြစ်သောကြောင့် အရေးပါသော ပြိုင်ပွဲများမတိုင်မီ တစ်ပတ်အလိုတွင် ထောက်ပံ့ပေးမှုကို ရုပ်သိမ်းခြင်းသည် မသင့်လျော်လှကြောင်း ကူရော့ဇ်ကပြောဆိုခဲ့သည်။ အားကစားသမားများနှင့် နိုင်ငံရေးတို့ကိုခွဲထားနားလည်ထားသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
နိုက်ကီ၏ထုတ်ပြန်ချက်ကြောင့် အီရန်နိုင်ငံသားများသည် နိုက်ကီထုတ်ကုန် အားကစားပစ္စည်းများကို ဆန့်ကျင်ရန် လူမှုမီဒီယာများမှတစ်ဆင့် တုံ့ပြန်လှုပ်ရှားမှုများကိုပြုလုပ်ခဲ့သည်။ အီရန်က အစ္စရေးနှင့် ယှဉ်ပြိုင်မကစားလိုကြောင်း ပြောဆိုသည့်အခါတွင် အားကစားနယ်ပယ်၌ နိုင်ငံရေးဝင်ရောက်စွက်ဖက်ခြင်းဟု ဆိုကြသော်လည်း နိုက်ကီက အီရန်ကစားသမားများအား ဖိနပ်များ မထောက်ပံ့ပေးလိုကြောင်းပြောဆိုသည့်အခါတွင်မူ ဖီဖာက နှုတ်ဆိတ်နေခဲ့ကြောင်း အီရန်နိုင်ငံသား တွစ်တာအသုံးပြုသူတစ်ဦးကပြောဆိုခဲ့သည်။
သို့သော် ပုဂ္ဂလိက အမေရိကန်ကုမ္ပဏီဖြစ်သည့် နိုက်ကီတွင် ရွေးချယ်စရာမရှိသည်ကို နားလည်ပါကြောင်း အီရန်နိုင်ငံသားတချို့ကပြောဆိုခဲ့သည်။ နိုက်ကီသည် ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီသည် ရှယ်ယာရှင်များစိတ်ချမ်းသာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကာ စီးပွားရေးအရ အရေးယူခံရမည်ကိုစိုးရိမ်သောကြောင့် အီရန်သို့ ဖိနပ်များမထောက်ပံ့ပေးရခြင်းဖြစ်နိုင်ကြောင်း တွစ်တာအသုံးပြုသူတစ်ဦးကပြောဆိုခဲ့သည်။
နိုက်ကီသည် ဖီဖာအဖွဲ့ဝင်မဟုတ်သောကြောင့် ဖီဖာစည်းမျဉ်းများကိုလိုက်နာစရာမလိုကြောင်း ၊ ယခုဖြစ်ရပ်မှာ နိုင်ငံရေးက ကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိခြင်းကို ပြဆိုပြီး နိုင်ငံရေးက အားကစားတွင် ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ကြောင်း အခြားတစ်ဦးက ပြောဆိုခဲ့သည်။

















