စာသင်ကျောင်းမျက်နှာကျက်အတွင်း ခိုတက်ဖမ်းရာက ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံး

စာသင်ကျောင်းမျက်နှာကျက်အတွင်း ခိုတက်ဖမ်းရာက ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံး

ကျောက်ကြီးမြို့နယ် တွင် စာသင်ကျောင်းမျက်နှာကျက်အတွင်း ခိုတက်ဖမ်းရာက ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ကျောက်ကြီးနယ်မြေရဲစခန်းက ဇွန် ၁၄ ရက်နေ့က သိရသည်။

ဇွန် ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် တောင်ငူခရိုင် ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ မျက်နှာကျက်အတွင်းမှ ကျောင်းသားတစ်ဦးပြုတ်ကျ သေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူမှာ အဆိုပါကျောင်းမှ တတိယတန်းပညာသင်ကြားနေသူ အသက် ၁၀ နှစ်အရွယ်ကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းဖော် ၂ ဦးနှင့်အတူ ကျောင်းမျက်နှာကျက်အတွင်း စာရေးစားပွဲခုံ (၅)ခုံကိုဆင့်ကာ ဝင်ရောက်နေသည့် ခိုများကို တက်ရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် ကျောင်းပေါ်သို့တက်သည့်လှေခါးပေါက်နှင့်တည့်တည့် မျက်နှာကျက်ကျွံကျကာ အမြင့် (၂၄) မှ လှေကားရင်းအုတ်ခုံသို့ ပြုတ်ကျခဲ့ပြီး ညာဘက်ဦးခေါင်းခွံကွဲကြေဒဏ်ရာ၊ ပါးစပ်မှသွေး ထွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ကျောက်ကြီးမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၁၈)ဖြင့် အမှုဖွင့်အရေးယူထားသည်။