ပျောက်ဆုံးခင်ပွန်းအလောင်း ရဲကလာပို့၍ မီးသင်္ဂြိုဟ်ပြီးနောက် ခင်ပွန်းသည်အစစ် မသေဘဲ ဇနီးထံပြန်ရောက်လာ

ပျောက်ဆုံးခင်ပွန်းအလောင်း ရဲကလာပို့၍ မီးသင်္ဂြိုဟ်ပြီးနောက် ခင်ပွန်းသည်အစစ် မသေဘဲ ဇနီးထံပြန်ရောက်လာ

ဂျပန်နိုင်ငံတွင် အမျိုးသမီးတစ်ဦးထံ ၄င်း၏ခင်ပွန်းသည် ရေနစ်သေဆုံးခဲ့၍ဆိုကာ အလောင်းလာပို့ခဲ့သဖြင့် မီးသဂြိုဟ်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ခင်ပွန်းသည်မသေဘဲ ပြန်လည်ရောက်ရှိလာမှု ဖြစ်ပွားခဲ့သည်။

ဇွန် ၁၃ ရက် တိုကျိုရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ ဇွန်လအတွင်း တိုကျိုအရှေ့ပိုင်းရှိ မြစ်တစ်စင်းအတွင်းမှ တွေ့ရှိခဲ့သည့် အသက် ၄၀ ခန့် အမျိုးသားအလောင်းတစ်လောင်းကို လူပျောက်တိုင်ထားသည့် အမျိုးသမီးတစ်ဦးအား ပြသခဲ့ရာ အမျိုးသမီးက ၄င်း၏ ခင်ပွန်းဟု အသိအမှတ်ပြုပြီး ဆွေမျိုးများကလည်း လက်ခံခဲ့သည်ဟုဆိုသည်။ ယင်းနောက် အမျိုးသမီးက အလောင်းကို မီးသဂြိုဟ်ခဲ့သည်။

ယခုနှစ် မေလတွင် ပျောက်ဆုံးအမျိုးသားသည် အသက်ရှင်လျက်အိမ်ပြန်ရောက်လာခဲ့သည်။ ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က တောင်းပန်ခဲ့ပြီး မီးသဂြိုဟ်ခဲ့သည့် အလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းလျက်ရှိသည်။ ရာဇဝတ်မှုနှင့် ဆက်နွယ်မှုမရှိသည့် အလောင်းများကို မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်လေ့ရှိပြီး ယင်းသို့လွှဲအပ်ရာတွင် လုံလောက်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိ၍ ယင်းသို့ဖြစ်ခဲ့ရကာ လိုအပ်သည့်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟု တိုကျိုရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။