၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲလုံခြုံရေးကိုအမြင့်ဆုံးမြှင့်ထားသည်ဟု ရုရှားကြေညာ

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲလုံခြုံရေးကိုအမြင့်ဆုံးမြှင့်ထားသည်ဟု ရုရှားကြေညာ

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လျက်ရှိရာအိမ်ရှင်ရုရှားအစိုးရကဘောလုံးပွဲအတွက် နိုင်ငံတစ်ဝန်းလုံခြုံရေးကိုအမြင့်ဆုံး မြှင့်တင်ထားကြောင်းဖြင့် အာမခံပြောကြားလိုက်သည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများကျင်းပမည့် မြို့တိုင်းတွင် အားကစားကွင်းများ၌သာမကအရေးကြီးသည့် နေရာတိုင်းတွင် နောက်ဆုံးပေါ် မျက်နှာမှတ်သားနည်းပညာသုံးလုံခြုံရေးကင်မရာများတပ်ဆင်ထားကာရာဇဝတ်မှုခင်းသမိုင်းကြောင်းရှိသူများကိုစောင့်ကြည့်နေသလို၊ အခြားသောသံသယဖြစ်ဖွယ် အခြေအနေများကိုလည်းစောင့်ကြည့်လျက်ရှိကြောင်း ရုရှားအစိုးရကပြောသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲများကျင်းပမည့် မြို့များတွင်လည်းရဲတပ်ဖွဲ့များသည် ရှောင်တခင် အကြမ်းဖက်မှုများ ဖြစ်ပွားလာပါကအမြန်ဆုံးတုံ့ပြန်နိုင်ရန် စနစ်တကျ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပြီးဖြစ်ကြောင်းကမ္ဘာ့ဖလားဘောလုံးပွဲအိမ်ရှင်မြို့တစ်မြို့ဖြစ်သည့် ကာလင်နင်ဂရက်မြို့  အုပ်ချုပ်ရေးအဖွဲ့မှ ဆာဂျီအက်စ်တီနက်ဗ်ကပြောသည်။ အကြမ်းဖက်သမားများကဘောလုံးသမားများ၊ ဘောလုံးပရိသတ်များကိုဓားစာခံအဖြစ် ဖမ်းဆီးမှုမျိုး ဖြစ်ပွားလာလျှင်ပင် ဘောလုံးကွင်းအတွင်းသို့ အထူးကွန်မန်ဒိုများလေထီးဖြင့် ဆင်းရန်ထိလေ့ကျင့်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ရုရှား ပြည်ထဲရေးလုံခြုံရေးတပ်ဖွဲ့ကထုတ်ပြန်သည့် ဗီဒီယိုတွင်လည်းအထူးလုံခြုံရေးတပ်ဖွဲ့ (FSB) များသည် အားကစားကွင်းများတစ်ဝိုကြ် ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်များကိုင်ကာကင်းလှည့်နေသည်ကိုတွေ့ရသည်။ ရုရှားသည် ဆီးရီးယားတွင် အကြမ်းဖက်နှိမ်နင်းရေးတိုက်ပွဲများ၌ ပါဝင်နေမှုကြောင့် အကြမ်းဖက်အဖွဲ့များကကမ္ဘာ့ဖလားကိုပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်ခံထားရသည်။

ပြီးခဲ့သည့် သီတင်းပတ်များကပင် အိုင်အက်စ် ဩဇာခံအကြမ်းဖက်အဖွဲ့က ရုရှားကမ္ဘာ့ဖလားဘောလုံးပွဲတွင် အကြမ်းဖက်တိုက်ခိုက်မည်ဟုအင်တာနက်ဗီဒီယိုဖြင့် ခြိမ်းခြောက်ခဲ့သည်။ ရုရှား ပြည်ထဲရေးဌာနသည် အကြမ်းဖက်သမားများကိုတားဆီးနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း ကြည်း၊ ရေ၊ လေတပ်များဖြင့်ပါ လုံခြုံရေးကိုအမြင့်ဆုံး မြှင့်တင်ထားသည်။ ကာလင်နင်ဂရက်၊ စိန့်ပီတာစဘတ် အပါအဝင် ကမ္ဘာ့ဖလားဘောလုံးပွဲများကျင်းပမည့် မြို့များတွင် အကြမ်းဖက်အမြူတေအဖွဲ့ အများအပြားကို ကြိုတင်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်းအထူးလုံခြုံရေးတပ်ဖွဲ့ (FSB) က ထုတ်ပြန်ကြေညာခဲ့သည်။