စာပေနိုဘယ်လ်ဆုရွှေ့ဆိုင်းခဲ့ရစေသည့် အရှုပ်တော်ပုံစတင်ခဲ့သူ ယန်းကလော့ဒ်အားနော့ အဓမ္မကျင့်မှုဖြင့် စွဲချက်တင်ခံထားရ

စာပေနိုဘယ်လ်ဆုရွှေ့ဆိုင်းခဲ့ရစေသည့် အရှုပ်တော်ပုံစတင်ခဲ့သူ ယန်းကလော့ဒ်အားနော့ အဓမ္မကျင့်မှုဖြင့် စွဲချက်တင်ခံထားရ

ယခုနှစ် စာပေနိုဘယ်လ်ဆုချီးမြှင့်မှုကိုပါ နောက်နှစ်သို့ ရွှေ့ဆိုင်းလိုက်ရစေသည့် အရှုပ်တော်ပုံကိုစတင်ခဲ့သူ ယန်းကလော့ဒ်အားနော့သည် အဓမ္မကျင့်မှုဖြင့် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။

၂၀၁၁ ခုနှစ်က ကျူးလွန်ခဲ့မှုဖြစ်ပြီး အမှုနှစ်မှုဖြင့်စွဲချက် တင်ခံရခြင်းဖြစ်သည်။ ဆွီဒင်အစိုးရရှေ့နေ ခရစ္စတီးနား ဗွိုက်က မစ္စတာအားနော့ကို စွဲချက်တင်ရန် လုံလောက်သော သက်သေအချက်အလက်များ ရရှိထားသည်ဟု ဆိုသည်။ မစ္စတာအားနော့သည် ဆွီဒင်တွင် နာမည်ကျော်ဓာတ်ပုံဆရာ တစ်ဦးဖြစ်သလို ရာစုနှစ်နှင့်ချီ နာမည်ကျော်ရပ်တည်ခဲ့သော နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ဖြစ်သည့် ဆွီဒင်အကယ်ဒမီ၏ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးနှင့်လည်း လက်ထပ်ထားသူဖြစ်သည်။

ဖွင့်ချ

အပြစ်ကျူးလွန်ခြင်းမျိုးလုံးဝမရှိဟု အမှုသည်က ပြော ကြောင်းဖြင့် မစ္စတာအားနော့၏ရှေ့နေ ယွန်ဟားတစ်ကပြော သည်။ အဓမ္မပြုကျင့်မှု စွဲချက်နှစ်ခုစလုံးသည် အမျိုးသမီး တစ်ဦးတည်းက ဖွင့်ဟထားသောအမှုဖြစ်သည်။ ၂၀၁၇ နှစ် ကုန်ပိုင်းတွင် အမျိုးသမီး ၁၈ ဦးအထိ မစ္စတာအားနော့သည် ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အဓမ္မပြုကျင့်ခဲ့ ကြောင်းဖြင့် ဆွီဒင်သတင်းစာများတွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။

မေးခွန်းထုတ်

စာပေနိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့၏ ဂုဏ်သိက္ခာအပေါ် လည်း အများပြည်သူက မေးခွန်းထုတ်လာကြသဖြင့် ယခုနှစ် စာပေနိုဘယ်လ်ဆုကို နောက်ဆုတ်ကာ ၂၀၁၉ ခုနှစ်တွင်မှ နှစ်နှစ်စာပူးတွဲချီးမြှင့်သွားရန် နိုဘယ်လ်ဆုချီးမြှင့်ရေးကော် မတီက စီစဉ်ခဲ့ရသည်။