YBS (၂၀)ယာဉ်ရပ်နားကားဝင်းအတွင်း ယာဉ်နှစ်စီး ချိတ်မိပျက်စီးဆုံးရှုံးနှင့်ပတ်သက်၍ ယာဉ်မောင်း ဝန်ထမ်းအပေါ်ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့သည်ဆိုမှုဖြင့် နစ်နာသူယာဉ်မောင်းက တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့မှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ်တရားရုံးက ပုဒ်မ ၂ခုဖြင့် စစ်ဆေးရန် ယာဉ်ပိုင်ရှင်ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ ၂ ဦးကို ဇွန် ၁၅ ရက်တွင်ချိန်းဆိုခဲ့ပြီး ယနေ့ရုံးချိန်းတွင် တရားလိုယာဉ်မောင်းနှစ်ဦးက အမှုကျေအေးရုပ်သိမ်းခွင့် လျောက်ထားခဲ့ကြောင်း လှိုင်သာယာမြို့နယ်တရားရုံးမှ သိရသည်။
၂၀၁၈ ခုနှစ် ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီ အချိန်ခန့်က YBS ၂၀ ယာဉ်ရပ်နားကွင်းစခန်းအတွင်း ဦးအောင်မြတ် မောင်းနှင်သည့် ယာဉ်နှင့် ဦးကျော်မင်းထွန်းတို့ မောင်းနှင်သည့် ယာဉ် ၂ စီး နေရာရွှေ့စဉ် ပွတ်တိုက်ရာက ကားလေကာမှန်များပျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ ဦးကျော်နေဝင်းက ယာဉ်မောင်းဦးအောင်မြတ်၏ ဘယ် ဘက် နံရိုး အနီး ရှူးဖိနပ်အချွန်ဖြင့် ကန်ကာ လည်ပင်းကိုညှစ်သည့်အပြင် ဦးဇွဲနေဝင်းကလည်း လက်နှစ်ဖက်ဖြင့် ဦးအောင်မြတ်နားရင်းကို ရိုက်နှက်သည်ဆိုကာ ဦးအောင်မြတ်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ပြီး မေ ၁၁ ရက်တွင် လှိုင်သာယာမြို့နယ်တရားရုံးသို့ ဇွန် ၂၅ ရက်က ဦးတိုက် လျှောက်ထားခဲ့သောအမှုဖြစ်သည်။
အဆိုပါ ဦးတိုက်လျှောက်ထားမှုနှင့်ပတ်သက်၍ယာဉ်မောင်း အပေါ်ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့သည်ဆိုကာ တိုင်တန်းခံရသည့် ယာဉ်ပိုင်ရှင်များဖြစ်သည့် ဦးကျော်နေဝင်း နှင့် ဦးဇွဲနေဝင်းတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၂၃(ဆဲဆိုမှု၊ နာကျင်စေမှု)ဖြင့် စစ်ဆေးရန် တွဲဖက်မြို့နယ် တရားသူကြီး (၁) က ဇွန် ၁ ရက်ကလက်ခံခဲ့ပြီး ဇွန် ၁၅ ရက်နေ့သို့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ တွေဆုံညှိနှိုင်းပြီးပါပြီ။ ဦးကျော်နေဝင်းတို့ ဘက်ကလည်း ယာဉ် မောင်းတွေရဲ့နစ်နာမှုတွေ အလုပ်ရှင်အလုပ်သမားအခွင့်အရေးတွေကို လိုက်လျောပေးမယ်။ လုပ်ခနစ်နာကြေးတွေကိုပြန်ထုတ်ပေးမယ်လို့ ပြောခဲ့တာရှိတယ်။ ယာဉ် မောင်းတွေကိုစွဲဆိုထားတဲ့ ပုဒ်မ ၂၇၉ အမှုကိုလည်းရုပ်သိမ်းပေးမယ်လို့ပြောခဲ့တာကြောင့် သူတို့ကိုစွဲဆိုထားတဲ့အမှုကို ကျေအေးလွှာတင်ခဲ့တာပါ"ဟု ဧရာဝတီတိုင်းဒေသကြီး ခုံသမာဓိအလုပ်သမား ကိုယ်စားလှယ် ဦးမောင်မောင်ဟန်(ခ) ဦးဘိုကြီးကပြောသည်။
အဆိုပါယာဉ်ရပ်နားဝန်းအတွင်း ယာဉ်နှစ်စီးပွတ်တိုက်ပျက်စီးမှုနှင့်ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးကိုလည်း Omni Focus General Services ကုမ္ပဏီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အရ သောင်ကြီးနယ်မြေရဲ စခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
"ကျွန်တော်တို့ ထမင်းစားလက်မှတ်ဖြစ်တဲ့ ယာဉ်မောင်းလိုင်စင်တွေပြန်ပေးမယ်ပြောတယ်။ လုပ်ခနစ်နာကြေးတွေကိုပြန်ထုတ်ပေးမယ်လို့ လည်းပြောတာကြောင့် ဒီနေ့ ကျေအေးလွှာတင်ခဲ့တယ်"ဟု တရားရုံးသို့ ဦးတိုက်လျှောက်ထားသူ ကိုအောင်မြတ်ကပြောသည်။
ယနေ့ရုံးချိန်းသို့ တိုင်တန်းခံရသူ ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့လာရောက်ခဲ့ခြင်းမရှိဘဲ အကျိုးဆောင်ရှေနေက ခွင့်တိုင်ကြားခဲ့ပြီး နှစ်ဦးနှစ်ဖက်ကျေအေးရုပ်သိမ်းမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ပေးရန် နောက်ရုံးချိန်းသို့ ချိန်းဆိုထားသည်။
"ဒီနေ့ ရုံးချိန်း ကို ကိုကျော်နေဝင်းနဲ့ဇွဲနေဝင်းတို့ လာရောက်ခဲ့မယ်ဆိုရင် ကျေအေးလွှာတင်တဲအမှုက ဒီနေ့ ပြီးပြတ်သွားမှာပါ"ဟု ဦးမောင်မောင်ဟန်ကပြောသည်။

















