ဝါရှင်တန် ဇွန် ၁၅
အမေရိကန်တရားရေးဌာနမှ စုံစမ်းစစ်ဆေးရေးမှူးချုပ်၏ နောက်ဆုံးအစီရင်ခံစာတစ်ရပ်အရ ၂ဝ၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန် အရေးနိမ့်ခဲ့မှုအတွက် ထိုစဉ်က အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျိမ်းစ်ကိုမေ၏လုပ်ရပ်ကို ပြစ်တင်ရှုတ်ချနိုင်သော်လည်း ၄င်းသည် ဒေါ်နယ်ထရမ့်အနိုင်ရအောင် အပြည့်အဝဆောင်ရွက်ပေးခဲ့ခြင်းမဟုတ်ဟုတွေ့ရှိရကြောင်း သိရသည်။
ရွေးကောက်ပွဲမတိုင်မီ ထိုစဉ်က နိုင်ငံခြား ရေးဝန်ကြီးဖြစ်သည့် ဟီလာရီ၏ အီးမေးလ် အသုံးပြုမှုကို စုံစမ်းစစ်ဆေးမှုအသစ်ပြုလုပ် မည်ဟု ဂျိမ်းစ်ကိုမေက ကြေညာခဲ့ခြင်းကြောင့် မဲဆွယ်မှုများ အရှိန်တန့်ကာ ရွေးကောက်ပွဲ ရှုံးနိမ်ခဲ့ရကြောင်း ဟီလာရီက စွပ်စွဲခဲ့သည်။
ယင်းအခြေအနေက ထရမ့်အား အသာ ရအောင် ဆောင်ရွက်ပေးသည့်ပမာဖြစ်ခဲ့ရကာ ၄င်းသမ္မတဖြစ်လာသည့်နောက်တွင်မူ ဂျိမ်းစ်ကိုမေသည် ၄င်းအား ပုဂ္ဂိုလ်ရေးသစ္စာခံခြင်းမရှိမှု၊ ဟီလာရီအီးမေးလ်ကိစ္စ တာဝန်မကျေပြွန်မှု များဖြင့် ၂ဝ၁၇ ခုနှစ် မေလတွင် သမ္မတထရမ့် က ရာထူးမှ ဖြုတ်ပစ်ခဲ့ပြီးဖြစ်သည်။
ထရမ့်ဘက်ကလည်း မဲဆွယ်ကာလတွင် ၄င်း၏မဲဆွယ်အဖွဲ့နှင့် ရုရှားပတ်သက်မှုကို စူးစမ်းခဲ့မှုအတွက် အက်ဖ်ဘီအိုင်သည် ရီပတ် ဘလီကန်တို့ကို နှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲ ခဲ့သည်။ ယခုထွက်ရှိလာသည့် စာမျက်နှာ ၅ဝဝ ပါအစီရင်ခံစာအရမူ အက်ဖ်ဘီအိုင်၏ ဆောင်ရွက်ချက်များသည် နိုင်ငံရေးအရမျက်နှာ လိုက်မှုမရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာက ၂ဝ၁၆ မဲဆွယ်ကာလ နောက်ဆုံးလများအတွင်း ဂျိမ်းစ်ကိုမေသည် တရားရေးဌာန၏ အစဉ်အလာညွှန်ကြားချက် အချို့ကိုမူ ချိုးဖောက်ခဲ့ကြောင်း ပြစ်တင်ထား သည်။ ထို့ပြင် ထရမ့်၏မဲဆွယ်အဖွဲ့နှင့်ရုရှား ပတ် သက် ခဲ့မှုရှိမရှိစုံစမ်းစစ်ဆေးနေစဉ်အတွင်းထရမ့်ဆန့်ကျင်ရေးစာတိုများကို ဖုန်းဖြင့်ဖလှယ် ခဲ့သည့် အက်ဖ်ဘီအိုင်အရာရှိများ၏လုပ်ရပ် ကိုလည်း ပြစ်တင်ခဲ့သည်။

















