သွေးဖောက်စရာမလိုသော ငှက်ဖျားရောဂါစစ်ဆေးနည်း ဖော်ထုတ်သူ ယူဂန္ဓာနိုင်ငံသား အာဖရိကဆုဆွတ်ခူး

သွေးဖောက်စရာမလိုသော ငှက်ဖျားရောဂါစစ်ဆေးနည်း ဖော်ထုတ်သူ ယူဂန္ဓာနိုင်ငံသား အာဖရိကဆုဆွတ်ခူး

ဂျိုဟန်နစ္စဘတ် ဇွန် ၁၅
သွေးဖောက်စရာမလိုသော ငှက်ဖျားစမ်းသပ်ကိရိယာကိုတီထွင်ခဲ့သည့် ယူဂန္ဓနိုင်ငံသားသည် အာဖရိကဆု ချီးမြှင့်ခံရကြောင်း သိရသည်။

လူနာ၏လက်ချောင်းပေါ်သို့ မီးနီရောင်ဖြင့် ထိုးလိုက်သည်နှင့် ငှက်ဖျားရှိမရှိ ဖော်ထုတ်ပေးနိုင်သောကိရိယာကို တီထွင်မှုကြောင့် (၂၄)နှစ်အရွယ် ဘရိုင်ယန်ဂစ်တာကို တော်ဝင်အင်ဂျင်နီယာအကယ်ဒမီကအာဖရိကဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
 စစ်ဆေးမှုရလဒ်များကို ထိုကိရိယာမှတစ်ဆင့်ဖုန်းသို့ တစ်မိနစ်အတွင်းပေးပို့နိုင်သည်။မစ္စတာဂစ်တာကိုယ်တိုင်သည်လည်း ငှက်ဖျားရှိခဲ့ဖူးသူဖြစ်ပြီး ပုံမှန်သွေးဖောက်စစ်သောနည်းဖြင့် ငှက်ဖျားကိုမတွေ့ခဲ့ဘဲဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရသဖြင့် သွေးဖောက်ရန်မလိုသောနည်းလမ်းကိုတီထွင်ရန် ဆန္ဒရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းတီထွင်ထားသောကိရိယာကို မာတီဘာဘူဟု အမည်ပေးထားသည်။

ယူဂန္ဓာနိုင်ငံတွင် ငှက်ဖျားသည် လူသေဆုံးရသည့် ထိပ်ဆုံးရောဂါကြီးများထဲတွင်ပါဝင်သည်။ ကွန်ပျူတာသိပ္ပံနည်းလမ်းကိုသုံးကာ သွေးဖောက်စရာမလိုသော ငှက်ဖျားစစ်ဆေးနည်းကိုတီထွင်လျှင် ဘာကြောင့်
မဖြစ်နိုင်ရမည်နည်းဟူသော ခံယူချက်ကိုစွဲကိုင်ကာ ကြိုးပမ်းတီထွင်ခဲ့ခြင်းဖြစ်ကြောင်းမစ္စတာဂစ်တာက ပြောဆိုသည်။

''မာတီဘာဘူကိရိယာဟာ တကယ့်အလှည့်အပြောင်းကို ဆောင်ကြဉ်းလာတဲ့ကိရိယာပါ။ အင်ဂျင်နီယာနည်းပညာဟာကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာလည်းကောင်းကောင်းကူညီနိုင်တာကို သက်သေပြလိုက်တာဖြစ်ပါတယ်''ဟု အာဖရိကဆုရွေးချယ်ရေးဒိုင်လူကြီးတစ်ဦးဖြစ်သည့် ရောဘတ်ကာအီနွန်ချွန်က ပြောဆိုသည်။မာတီဘာဘူဟူသည် ဆွာဟီလီဘာသာစကားဖြင့် ကုသခြင်းဟုအဓိပ္ပာယ်ရသည်။စစ်ဆေးခံမည့်သူ၏လက်ချောင်းကို အသာညှပ်လိုက်ပြီး မီးရောင်ဖြင့် ထိုးလိုက်ရုံဖြင့်မီးရောင်သည် သွေးနီဆဲလ် သိပ်သည်းမှုပမာဏ၊ အရောင်၊ ပုံစံတို့ကိုထောက်လှမ်းကာ ငှက်ဖျားပိုးရှိမရှိကို အဖြေထုတ်နိုင်သည်။