အိန္ဒိယကက်ရှ်မီးယား နာမည်ကျော်သတင်းသမား သတင်းစာတိုက်အနီး ကားထဲတွင် ပစ်သတ်ခံရ

အိန္ဒိယကက်ရှ်မီးယား နာမည်ကျော်သတင်းသမား သတင်းစာတိုက်အနီး ကားထဲတွင် ပစ်သတ်ခံရ

ရှရီနာဂါ ဇွန် ၁၅
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားအခြေစိုက်သတင်းသမား၊ အယ်ဒီတာရှူဂျတ်ဘူခါရီသည် ရှရီနာဂါရှိသတင်းစာတိုက်အနီး ကားထဲတွင် မည်သူမည်ဝါ မသိရသေးသောသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဘူခါရီသည် ၄င်းအယ်ဒီတာလုပ်နေသည့် Rising Kashmirသတင်းစာတိုက်အနီးကားထဲတွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ဘူခါရီသည် ဘီဘီစီသတင်းဌာနအတွက်လည်းမကြာမကြာ သတင်းများ၊ဆောင်းပါးများ ရေးသားပေးနေသူဖြစ်သည်။ ပစ်ခတ်ခံရပြီးနောက်ဆေးရုံပို့ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့သည်။ ဘူခါရီ၏ သက်တော်စောင့်တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသလို နောက်တစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
မည်သည့်အဖွဲ့ကမျှ ၄င်းတို့လက်ချက်ဟု ထုတ်ပြန်ခြင်းမရှိသေး။ ရှရီနာဂါရဲတပ်ဖွဲ့ကမူအကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖွဲ့၏လက်ချက်ဟု ခန့်မှန်းပြောကြားထားသည်။ ကက်ရှ်မီးယားသတင်းသမားများ အသက်ဘေးခြိမ်းခြောက်ခံနေရပုံများကို ဘူခါရီသည် ၂ဝ၁၆ ခုနှစ်က ဘီဘီစီသို့ဆောင်းပါးတစ်ပုဒ်ပေးပို့ကာ ဖော်ပြခဲ့ဖူးသည်။
''အသက်ဘေးခြိမ်းခြောက်ခံရ၊ အနိုင်ကျင့်ခံရ၊ ရန်လုပ်ခံရ၊ ဖမ်းဆီးခံရ၊ ဆင်ဆာဖြတ်ခံရတာတွေဟာ ကက်ရှ်မီးယားဒေသခံသတင်းသမားတွေ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတဲ့ပြဿနာဖြစ်ပါတယ်''ဟု ဘူခါရီက ၂ဝ၁၆ ခုနှစ်က ဘီဘီစီသို့ပေးပို့သောဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။
ဘူခါရီသည် ကက်ရှ်မီးယားတွင် လူသိများသော သတင်းသမားလည်းဖြစ်ပြီး The Hinduအိန္ဒိယသတင်းစာတွင်လည်း ယခင်ကလုပ်ကိုင်ဖူးသည်။ ဘူခါရီသည် အသက် ၅ဝ ကျော်အရွယ်ဖြစ်ပြီး ဇနီး၊ သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် မိဘနှစ်ပါးတို့ကျန်ရစ်သည်။