မနာဂွာ ဇွန် ၁၅
နီကာရာဂွာနိုင်ငံတွင် သမ္မတဒယ်နီရယ်အော်တေဂါ နုတ်ထွက်ရေး ၂၄ နာရီကြာ သပိတ်မှောက်ဆန္ဒပြပွဲများကြောင့် နိုင်ငံတစ်ဝန်းသွားလာဆက်သွယ်ရေးနှင့် စီးပွားလုပ်ငန်းအများအပြား ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
မြို့တော်မနာဂွာတွင် လမ်းများ၊ ဆိုင်များခြောက်ကပ်တိတ်ဆိတ်နေခဲ့ပြီး အခြားသောမြို့များ၌လည်း အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိသည်။ ဇွန် ၁၄ ရက်တွင် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် သုံးဦးသေဆုံးခဲ့ကာသမ္မတဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည့် ဧပြီလမှစတင်တွက်ချက်လျှင် လူ ၁၆ဝဝန်းကျင်သေဆုံးခဲ့ပြီးဖြစ်သည်။
ပင်စင်နှင့်လူမှုဖူလုံရေးကြေးများ အစိုးရက ဖြတ်တောက်လျှော့ချမှုကြောင့် ဧပြီ ၁၉ ရက်ကစတင်ကာဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် တစ်နိုင်ငံလုံးပျံ့နှံ့ကာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအသွင်ကူးပြောင်းခဲ့သည်။ လူထောင်ပေါင်းများစွာ လမ်းမများပေါ်ထွက်ကာ သမ္မတအော်တေဂါ နုတ်ထွက်ရေးဆန္ဒပြခဲ့ကြသည်။
ဇွန် ၁၄ ရက်တွင် လုံထိန်းရဲတပ်ဖွဲ့များသည် လူသူကင်းမဲ့နေသည့် မြို့တော်မနာဂွာလမ်းမများတစ်လျှောက် ကင်းလှည့်ခဲ့ကြသည်။အခြားသောနေရာများတွင်လည်း ဆန္ဒပြသူများနှင့်ရဲများကြား အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ နာဂါရိုတီ၊ မာဆာတီပီ၊တီပီတာပါ စသည့်မြို့များတွင်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ရိုမန်ကတ်သလစ် ကျောင်းတော်သည်အစိုးရနှင့် ဆန္ဒပြပွဲဦးဆောင်သည့် အတိုက်အခံများကြား စေ့စပ်ညှိနှိုင်းပေးရန် အစောပိုင်းက ကြိုးပမ်းခဲ့သေးသော်လည်း အောင်မြင်ခြင်းမရှိခဲ့။ အင်တာ-အမေရိကန်လူ့အခွင့်အရေးအဖွဲ့ (IACHR)သည် ပြီးခဲ့သည့်လက နီကာရာဂွာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ဆန္ဒပြပွဲများအတွင်း အစိုးရလုံထိန်းတပ်များနှင့် တတိယပါတီအဖွဲ့အစည်းများသည် အင်အားအလွန်အကျွံသုံးခဲ့သည်ကိုတွေ့ရှိရကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
နီကာရာဂွာအစိုးရကမူ (IACHR)အဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာသည် ဘက်လိုက်ဖော်ပြထားသည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

















