ဂျပန်၌ ပလတ်စတစ်ဆန့်ကျင်ရေးဥပဒေကြမ်းကို အတည်ပြုခဲ့သော်လည်း အရေးယူမည့်အချက်များမပါဝင်ခဲ့

ဂျပန်၌ ပလတ်စတစ်ဆန့်ကျင်ရေးဥပဒေကြမ်းကို အတည်ပြုခဲ့သော်လည်း အရေးယူမည့်အချက်များမပါဝင်ခဲ့

တိုကျို ဇွန် ၁၆
ဂျပန်လွှတ်တော်သည် ပင်လယ်သမုဒ္ဒရာထဲသို့ ပလတ်စတစ်အစအနများကို စွန့်ပစ်မှုလျှော့ချရန် ရည်ရွယ်သည့် ဥပဒေကြမ်းတစ်ခုကို ဇွန် ၁၅ ရက် အနှောင်းပိုင်းတွင် အတည်ပြုခဲ့သော်လည်း ကျူးလွန်ဖောက်ဖျက်သူများကို မည်ကဲ့သို့ အရေးယူမည်ကိုမူ ထည့်သွင်းဖော်ပြခြင်းမပြုခဲ့ချေ။ 

    အထက်လွှတ်တော်တွင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ မဲခွဲခဲ့ရာ ထောက်ခံမဲများစွာရရှိခဲ့သည်။ အလှကုန်ပစ္စည်းများတွင် ပိုမိုချောမွေ့စေရန်သုံးသည့် ပလတ်စတစ်အမှုန်ငယ်များ၊ ပလစ်စတစ်အစေ့များနှင့် အစအနများစွန့်ပစ်မှုလျှော့ချရန် ရည်ရွယ်ပြီး ဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ကုန်စုံဆိုင်များမှ ပလတ်စတစ်ခွက်ယောက်များနှင့် ပလတ်စတစ်အစအနများသည် ကမ္ဘာ့သမုဒ္ဒရာများသို့ရောက်ရှိသွားပြီး ရေနေသတ္တဝါများ သေဆုံးစေကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့သည်။
    ပလတ်စတစ်အစအနများက လူသား၏ကျန်းမာရေးအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ကို မသိရှိသေးသော်လည်း သိပ္ပံပညာရှင်များကမူ ရေသန့်ဘူးများမှစ၍ ပင်လယ်စာများအထိ အရာရာတွင် ပလတ်စတစ်မှုန်များကို တွေ့ရနေကြောင်း ပြောဆိုခဲ့သည်။ အချင်း ငါးမီလီမီတာအောက်သေးငယ်သော ပလတ်စတစ်များကို မိုက်ခရိုက်ပလတ်စတစ်သို့မဟုတ် ပလတ်စတစ်အစအနလေးများဟု သတ်မှတ်ထားသည်။
    ဂျပန်နိုင်ငံတစ်ဝန်း၌ ဖမ်းဆီးမိခဲ့သော ငါးများအနက် ၄၀ ရာခိုင်နှုန်း၏ အစာချေစနစ်များတွင် မိုက်ခရိုက်ပလတ်စတစ်များကို တွေ့ရှိခဲ့ကြောင်း ဂျပန်သုတေသနပညာရှင်များကပြောဆိုခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကလည်း ပလတ်စတစ်အမှိုက်များကြောင့် စိုးရိမ်စရာရှိနေကြောင်း ပြောဆိုခဲ့ပြီး ပလတ်စတစ်ညစ်ညမ်းမှုကို ကန့်သတ်မည့် ချာတာစာတမ်းတစ်ခုကို ယခုလအတွင်း ကနေဒါ၌ ပြုလုပ်ခဲ့သည့် ဂျီ ၇ အစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ဂျပန်နှင့် အမေရိကန်တို့ကမူ လက်မှတ်ရေးထိုးခြင်းမပြုခဲ့ချေ။