ဒေလီ ဇွန် ၁၆
အိန္ဒိယနိုင်ငံ၌ အဆိုးရွားဆုံး ရေအကျပ်အတည်းဖြစ်ပွားနေပြီး လူ သန်း ၆၀ဝ ခန့်သည် ရေရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း အိန္ဒိယအစိုးရလက်အောက်ရှိ ပညာရှင်အဖွဲ့တစ်ဖွဲ့ကပြောဆိုခဲ့သည်။
အိန္ဒိယရှိ ပြည်နယ် ၂၉ ခုအနက် ၂၄ ခုတို့မှရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံပြီး လေ့လာခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်များအတွင်း ရေအကျပ်အတည်းပိုမိိုဆိုးရွားလာရန်သာရှိနေကြောင်း နီတီအာယော့အစီရင်ခံစာတွင်ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်ရောက်ရှိချိန်တွင် မြို့ ၂၁ မြို့သည် မြေအောက်ရေခန်းခြောက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ရေ ၈၀ ရာခိုင်နှုန်းကိုအသုံးပြုနေသောကြောင့် အစားအစာပြတ်လပ်မှုပါရှိလာမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ အိမ်တိုင်းသို့ ပိုက်ဖြင့် ရေဖြန့်ချိပေးနိ်ုင်သည့် အခြေခံအဆောက်အအုံမရှိသောကြောင့် နွေရာသီတွင် မြို့များနှင့် မြို့နယ်များ၌ ရေပြတ်လပ်လေ့ရှိခဲ့သည်။ ကျေးလက်ဒေသများ၌ ရေကောင်းရေသန့်မရရှိသောကြောင့် ပိုမိုထိခိုက်နစ်နာခဲ့သည်။ မုတ်သုန်မိုး အချိန်အခါနှင့်အညီမရွာသွန်းခြင်းနှင့် မလုံလောက်ခြင်းတို့ကြောင့် စိုက်ပျိုးရေးအတွက် မြေအောက်ရေကိုအသုံးပြုရခြင်းနှင့် မိုးခေါင်ခြင်းတို့ကြောင့် မြေအောက်ရေအပေါ် မှီခိုလို့မရခြင်းတို့ရှိခဲ့သည်။
ရေကောင်းရေသန့်မရရှိခြင်း၏နောက်ဆက်တွဲပြဿနာများကြောင့် အိန္ဒိယနိုင်ငံသား ၂၀ဝ၀ဝ၀ ခန့် နှစ်စဉ်သေဆုံးနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ အများစုသည် အစိုးရကထောက်ပံ့ပေးသော ပုဂ္ဂလိက ရေဖြန့်ချိရေးလုပ်ငန်းများအပေါ်သာ မှီခိုခဲ့ရသည်။ အိန္ဒိယနိုင်ငံရှိ ကျူးကျော်ရပ်ကွက်များနှင့်ဆင်ခြေဖုံးများ၌ ရေသည်ယာဉ်များနှင့် ရေဘုံဘိုင်များ၌ စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးများကို မကြာခဏမြင်ခဲ့ရသည်။
မြို့ပြများနှင့် မြို့နယ်များ ပိုမိုဖွံ့ဖြိုးလာမှုကြောင့် မြို့ပြရှိ ရေအရင်းအမြစ်များကို ချဲ့ထွင်ပေးရန် တောင်းဆိုမှုများရှိလာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ရေလိုအပ်ချက်သည် ယခုထက်နှစ်ဆရှိလာမည်ဖြစ်ပြီး ရေရှားပါးမှုကြောင့် အိန္ဒိယပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးမှ ၆ ရာခိုင်နှုန်းဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
သို့သော် ပြည်နယ်တချို့သည် ရေစီမံခန့်ခွဲမှုတွင် ပိုမိုစနစ်ကျလာခဲ့သည်။ နိုင်ငံအနောက်ပိုင်းရှိ ဂူဂျာရတ်သည် ရေစီမံခန့်ခွဲမှုတွင် ထိပ်ဆုံးကရှိနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ဂူဂျာရတ်နောက်တွင် နိုင်ငံအလယ်ပိ်ုင်းရှိ မဓယာပရာဒေ့ရှ်နှင့် တောင်ပိုင်းရှိ အန္ဓရာပရာဒေ့ရှ်ပြည်နယ်များက ရပ်တည်နေသည်။
ရေစီမံခန့်ခွဲမှုနှင့်ပတ်သက်လျှင် ပြည်နယ် ၂၄ ခုအနက် ၁၅ ခုတို့သည် ယမန်နှစ်ကထက် ပိုမိုတိုးတက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ သို့သော် မြောက်ပိုင်းရှိ ဥတ္တရာပရာဒေ့ရှ်နှင့် ဟာယာနာပြည်နယ်များ၊ အရှေ့ပိုင်းရှိ ဘီဟာနှင့် ဂျာခန်းပြည်နယ်များသည် ရေစီမံခန့်ခွဲမှုတွင် ညံ့ဖျင်းကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

















