ဝါရှင်တန် ဇွန် ၁၆
ထရမ့်အစိုးရသည် ရက်သတ္တပတ်ခြောက်ပတ်အတွင်း နယ်စပ်မှတစ်ဆင့် အမေရိကန်သို့ ရွှေ့ပြောင်း ဝင်ရောက်သူများအနက် ကလေး ၂၀ဝ၀ နီးပါးကို ၄င်းတို့မိသားစုနှင့် ကွဲကွာစေခဲ့ကြောင်း သိရသည်။
ယင်းသို့ခွဲခြားမှုကို အလျင်အမြန် ဆိုင်းငံ့ထားရန် ကုလသမဂ္ဂက တောင်းဆိုခဲ့သည်။
မက္ကဆီကိုမှတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများကို ထရမ့်အစိုးရက ထိရောက်စွာနှိမ်နင်းခဲ့ရာ အရွယ်ရောက်ပြီး လူကြီးများစွာ ထိန်းသိမ်းခံခဲ့ရ၍ ၄င်းတို့၏ကလေးများသည် အုပ်ထိန်းသူစောင့်ရှောက်မှု ကင်းဝေးခဲ့ရခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်က အမေရိကန်တွင် နိုင်ငံရေးမုန်တိုင်းများ ဖြစ်ပေါ်စေခဲ့ပြီး ဇွန် ၁၄ ရက်၌ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်သည် ဥပဒေကိုလေးစားရမည်ဖြစ်ကြောင်း လူဝင်မှုမူဝါဒဘက်မှ ခုခံပြောဆိုခဲ့သည်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနစာရင်းအရ ဧပြီ ၁၉ မှ မေ ၃၁ ရက်အတွင်း လူကြီး ၁၉၄၀ ဦး ထိန်းသိမ်းခံခဲ့ရပြီး ၄င်းတို့နှင့်အတူ လိုက်ပါလာသည့်ကလေး ၁၉၉၅ ဦးနှင့် ကွဲကွာခဲ့သည်။ ယင်းကလေးများ၏အသက်အရွယ်အသေးစိတ်မူ မသိရဘဲ ၄င်းတိ်ု့ကို အမေရိကန်ကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုဌာနက စောင့်ရှောက်ထားသည်။
၄င်းတို့အမှုများ ဖြေရှင်းရန် ကြိုးစားနေစဉ်အတွင်း ၄င်းတို့ကို အစိုးရထိန်းသိမ်းရေးစခန်းများ သို့မဟုတ် မွေးစားမည့်သူများထံ လွှဲပြောင်းခဲ့သည်။
အစိုးရ၏လုပ်ဆောင်ပုံကြောင့် လူဝင်မှုမူဝါဒကို ထောက်ခံခဲ့သည့် ရီပတ်ဘလီကန်အထက်တန်းပုဂ္ဂိုလ်နှင့် အောက်လွှတ်တော်ပြောခွင့်ရအမတ် ပေါလ်ရိုင်ယန်းက စိတ်မသက်မသာဖြစ်မိကြောင်း ပြောဆိုခဲ့သည်။ အခြားအမတ်များကလည်း ပြစ်တင်ဝေဖန်ခဲ့ကြပြီး မိသားစုများကို အတူတကွထိန်းသိမ်းထားရှိရေး ဥပဒေမူကြမ်းတစ်ရပ် ပြင်ဆင်နေကြသည်။
အလားတူပင် မိဘနှင့်အတူ တရားမဝင်ရောက်ရှိခဲ့ပြီး အမေရိကန်တွင်ကြီးပြင်းခဲ့သူ ၁ ဒသမ ၈ သန်းအရေး၊ ဒီဗွီဗီဇာထီအဆုံးသတ်မှုနှင့် နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၂၅ ဘီလျံထပ်မံအကုန်အကျခံရေးတို့ကို ကာကွယ်မည့် ဥပဒေများ အဆိုပြုရန်လည်း ပြင်ဆင်နေကြပြီဖြစ်ပြီး လာမည့်အပတ်တွင် မဲခွဲဆုံးဖြတ်ရန် မျှော်လင့်ရသည်။

















