လန်ဒန် ဇွန် ၁၆
ဗိသုကာ၊ ပန်းချီအနုပညာနှင့် ဒီဇိုင်းသင်ကြားမှုတွင် ကမ္ဘာကျော်ဖြစ်သည့် စကော့တလန်ရှိ ကမ္ဘာကျော် ဂလက်စ်ဂို အနုပညာကျောင်းသည် လေးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် မီးထပ်မံလောင်ကျွမ်း၍ အကြီးအကျယ် ပျက်စီးခဲ့ရသည်။
ဇွန် ၁၅ ရက်ညတွင် စတင်လောင်ကျွမ်းရာသို့ မီးသတ်သမား ၁၀ဝ ကျော်လာရောက်ငြိမ်းသတ်ခဲ့ပြီး ဇွန် ၁၆ နံနက်ခင်းအထိ မီးသတ်သမား ၆၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။ ဂလက်စ်ဂိုကျောင်း၏ အထင်ရှားဆုံး မက်ကင်တော့ရှ်အထိမ်းအမှတ် ရှေးဟောင်းအဆောက်အအုံခေါင်မိုးမှ မီးတောက်များ မီးခိုးများ ထွက်နေပုံက လူမှုကွန်ရက်များပေါ် ပြန့်နှံ့သွားခဲ့သည်။
စကော့တလန် ပထမဝန်ကြီးချုပ် နီကိုလာစတောဂျီယွန်က မီးကြောင့် အသည်းကွဲကြေရပြီဖြစ်ကြောင်း၊ လူအများ လုံခြုံရေးအတွက်လည်း ပူပန်ကြောင်း တွစ်တာ၌ရေးသားခဲ့သည်။ ဂလက်စ်ဂိုတွင် ၂၀၁၄ မေကလည်း မီးလောင်ကျွမ်း၍ ပျက်စီးခဲ့ရပြီး ပေါင် သန်း ၂၀ မှ သန်း ၃၀ ကျော်အကုန်အကျခံ ပြန်လည်တည်ဆောက်ခဲ့ကာ လာမည့်နှစ်တွင် ပုံမှန် ပြန် လည်ပတ်ရန်ရှိသည်။
မက်ကင်တော့ရှ်အဆောက်အအုံသည် စကော့တလန်၏ အကျော်ကြားဆုံး ဗိသုကာအနုပညာရှင် ချားလ်စ်ရီနိုင် မက်ကင်တော့ရှ်က ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်ပြီး ၁၈၉၇ နှင့် ၁၉၀၉ ခုနှစ်၌ တည်ဆောက်ခဲ့သည်။ မီးကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုသတင်းမူ မရရှိသေးဘဲ မီးလောင်ခြင်း အကြောင်းရင်းလည်း မသိရသေးပေ။
ဂလက်စ်ဂိုအနုပညာကျောင်းမှ လွန်ခဲ့သည့်နှစ်များအတွင်း ဗြိတိန်၏ ခေတ်ပြိုင် ထိပ်တန်းအနုပညာရှင် အများအပြား မွေးထုတ်နိုင်ခဲ့သည်။

















