ဖနောင်ပင် ဇွန် ၁၆
ကမ္ဘောဒီးယား၌ ဇူလိုင်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လက်ချောင်းများကို မင်တို့ပြီး မဲပေးခြင်းမပြုဘဲ သန့်ရှင်းသော လက်ချောင်းများအဖြစ် ဆက်လက်ထားရှိကာ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် နိုင်ငံသားများအား တိုက်တွန်းနေသည့် အတိုက်အခံခေါင်းဆောင်များကို တရားရေးအရအရေးယူမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဇွန် ၁၅ ရက် အနှောင်းပိုင်းတွင် ခြိမ်းခြောက်လိုက်ပြီဖြစ်သည်။
အဓိကအတိုက်အခံပါတီဖြစ်သည့် ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီသည် ယမန်နှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီးဖြစ်သောကြောင့် ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးဖြစ်သည့် ဝန်ကြီးချုပ်ဟွန်ဆန်၏ အာဏာချုပ်ကိုင်ထားမှု ဆက်လက်တည်တံ့ဦးမည်ဖြစ်သည်။ အစိုးရ၏အပြစ်မရှိအပြစ်ရှာ ဖိနှိပ်မှုများကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အတိုက်အခံခေါင်းဆောင်များသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် မကြာသေးမီရက်သတ္တပတ်များအတွင်း တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။
အတိုက်အခံခေါင်းဆောင်များသည် သန့်ရှင်းသော လက်ချောင်းများကို ထောင်ထားသည့် ပုံများကို ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုမီဒီယာများတွင် ဖော်ပြပြီး လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲအတုအယောင်အတွက် လက်များကို အညစ်အပတ်မခံရန် တိုက်တွန်းလိုကြောင်း ပြင်သစ်၌ ခိုလှုံနေသည့် အတိုက်အခံခေါင်းဆောင်ဟောင်း ဆမ်ရိုင်ဆေက တွစ်တာ၌ ရေးသားခဲ့သည်။
သို့သော် ဇူလိုင် ၂၉ ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် ရွေးကောက်ပွဲပျက်စီးစေရန် လှုံ့ဆော်မှုဖြစ်သောကြောင့် ရာဇဝတ်မှုမြောက်ကြောင်း ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီက ဇွန် ၁၅ ရက်တွင် သတိပေးပြောဆိုခဲ့သည်။ သို့သော် ကမ္ဘောဒီးယားအာဏာပိုင်များသည် မဲပေးမှုဆိုသည်မှာ မပေးမနေရမဟုတ်သောကြောင့် သပိတ်မှောက်ခွင့်ကို လေးစားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများက သတိပေးခဲ့သည်။
တရုတ်က ကမ္ဘောဒီးယားအား အကူအညီများစွာပေးနေသောကြောင့် ဟွန်ဆန်သည် အနောက်နိုင်ငံအလှူရှင်များအား တန်ပြန်နိုင်နေပြီဖြစ်သည်။ တရုတ်၏နိုင်ငံရေးနှင့် ငွေကြေးအထောက်အပံ့များကြောင့် ဟွန်ဆန်သည် နိုင်ငံရေးနယ်ပယ်ရှိ ဝေဖန်သူများကို ပိုမိုရဲတင်းစွာဖိနှိပ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

















