ကဘူးလ် ဇွန် ၁၆
ပါကစ္စတန်၏ တာလီဘန်အကြီးအကဲ မူလာဖက်ဇ်လူလာသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ရပ်ကြောင့် သေဆုံးခဲ့ပြီး ယင်းသည်အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး သိသာသည့်တိုးတက်မှုတစ်ရပ်ဟု ပါကစ္စတန် အိ်မ်စောင့်ဝန်ကြီးချုပ် နာဆီရာ အူလ်မူလ်ခ်က ပြောဆိုခဲ့သည်။
ဇွန် ၁၅ ရက်ညက မူလ်ခ်ထံ အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီက တယ်လီဖုန်းဖြင့်ဆက်သွယ်သတင်းပေးခဲ့ပြီး မူလ်ခ်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဖက်ဇ်လူလာကို သုတ်သင်နိုင်ခြင်းသည် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ၏ လူသား ထောက်လှမ်းရေးစွမ်းပကားကြောင့်ဟုလည်း သမ္မတဂါနီက တွစ်တာတွင် ရေးသားခဲ့သည်။
အမေရိကန်ကမူ မောင်းနေသည့်ကားတစ်စီးကို ဒရုန်းမှ ပစ်ခတ်ခဲ့ရာတွင် ဖက်ဇ်လူလာ သေဆုံးဖွယ်ရှိကြောင်း၊ သတင်းအတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အာဖဂန်သမ္မတဂါနီက ပါကစ္စတန်အနေဖြင့် ပါကစ္စတန်အခြေစိုက် တာလီဘန်များကို စေ့စပ်ရေးစားပွဲဆီ ရောက်လာရန် လက်တွေ့ကျကျကြိုးပမ်းရန် တိုက်တွန်းခဲ့ကြောင်းလည်းပြောသည်။ ဒရုန်းတိုက်ခိုက်မှုသည် အာဖဂန်တာလီဘန်တို့က အစ်ဒ်ပွဲတော်အတွက် သုံးရက်တာအပစ်ရပ်ကြောင်း မကြေညာမီ နာရီအနည်းငယ်အလိုက ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
အာဖဂန်သမ္မတဂါနီက ဇွန် ၇ ရက်မှစ၍ ယာယီအပစ်ရပ်ကြောင်း ဦးစွာကြေညာခဲ့ပြီးနောက် တာလီဘန်တို့ကလည်း အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။ တာလီဘန်တိုက်ခိုက်ရေးသမားများသည် မိသားစုများရှိရာ အစိုးရထိန်းချုပ်ဧရိယာများသို့ လက်နက်မပါဘဲ ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း အာဖဂန်အစိုးရက ထုတ်ပြန်ခဲ့သည်။
ဖက်ဇ်လူလာသည် အာဖဂန်အရှေ့မြောက် ကူနာပြည်နယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေပြီး ၄င်းသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာကို လုပ်ကြံသတ်ဖြတ်ရန် အမိန့်ထုတ်ခဲ့သူဖြစ်သည်။

















