လှည်းကူးမြို့နယ်ရှိ ကြက်ခြံအတွင်း အမျိုးသမီးတစ်ဦး ဓါးဒဏ်ရာဖြင့်သေဆုံးခဲ့မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၇ ရက်တွင်
လှည်းကူးမြို့မရဲစခန်းမှသိရသည်။
ဇွန် ၁၆ ရက် နံနက် ၁၁ နာရီခွဲနာရီအချိန်တွင် လှည်းကူးမြို့နယ်နေ ကြက်ခြံပိုင်ရှင် အမျိုးသားတစ်ဦးသည် ပဲခူးမြို့ရှိ ဘုန်းကြီး ကျောင်းတွင် ရှိနေစဉ် ကြက်ခြံအလုပ်သမားများက ၎င်း၏ချွေးမဖြစ်သူမှာ ဒဏ်ရာများ ရရှိကာ လဲကျနေကြောင်း ဆက်သွယ်ပြောပြသိရှိရသဖြင့် ခြံသို့ပြန်လာပြီး ကြည့်ရှုခဲ့ရာ ချွေးမဖြစ်မှာ ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရသဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ အဆိုပါအမျိုးသမီးတွင် နဖူး၊ လည်ဂုတ်၊ ဝဲလက်မောင်း နှင့် ပေါင်တို့တွင် ဓားခုတ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။
လှည်းကူးမြို့မရဲစခန်း(ပ)၆၂၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူကို စုံစမ်းခဲ့သည်။
ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်ရန်အတွက်ရန်ကုန်တိုင်းဒေသကြီးနှင့်ခရိုင်ရဲတပ်ဖွဲ့မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ က ပူးပေါင်းစုံစမ်းခဲ့ရာ အခင်းဖြစ်ရပ်အနီး သက်သေခံအဖြစ်သိမ်းဆည်းရမိခဲ့သည့် ကြယ်သီး တစ်လုံးကိုရဲတပ်ဖွဲ့ကသိမ်းဆည်းခဲ့ပြီးစုံစမ်းချက်များအရ မျှစ်လာချိုးလေ့ရှိသူ ရဲစိုးဦးဝတ်ဆင်သည့် အင်္ကျီမှကြယ်သီးဖြစ်နိုင်ကြောင်း၊ ကြက်ခြံအတွင်းသို့ ဝင်ထွက်သွားလာတတ်သူဖြစ်ကြောင်း၊ အခင်း ဖြစ်ပြီးနောက် ပဲခူးတိုင်းဒေသကြီး အင်းတကော်သို့ ပြန်သွားကြောင်းသတင်းရရှိခဲ့သည်။
အမှုဖြင့် မသင်္ကာသူ ပဲခူးတိုင်း ဒေသကြီး အင်းတကော်မြို့ နယ်နေ ရဲစိုးဦး(၄၁ နှစ်)ကို ယင်းနေ့ မွန်းလွဲ ၂ နာရီ တွင် ၄င်းနေ အိမ်မှ ဖမ်းဆီးစစ်ဆေးခဲ့သည်။
စစ်ဆေးချက်များအရ နံနက် ၁၀ နာရီအချိန်တွင် ကြက်ခြံသို့သွားရောက်ကာ သေဆုံးသူထံမှ ငွေ (၃)သိန်းကျပ်ကို ချေးငှားစဉ် သေဆုံးသူက အဆိုပါ ငွေမချေးငှား နိုင်ကြောင်း ရိုင်းပြစွာပြောဆိုပြီး ၎င်းဝတ်ဆင်ထား သောအင်္ကျီကို ဆွဲစောင့်သဖြင့် ကြယ်သီးတစ်လုံး ပြုတ်ကျ သွား၍ ဒေါသမထိန်းနိုင်ဘဲတွန်းလဲပြီး အသင့် ပါလာသော ဓားဖြင့်လေးငါးချက်ခန့်ခုတ်ကာ ခြံအတွင်းမှထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားအား နေအိမ်နောက်ဖေးတွင်လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့် အခင်းဖြစ်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများအား သိမ်းဆည်းခဲ့ပြီးဆက်လက်အမှုဖွင့်အရေးယူထားသည်။

















